Myanmar Hard Talk
MHTNEWSရေနံချောင်းနှင့် နတ်မောက်မြို့နယ်အတွင်းရှိ အကြမ်းဖက်များ၏ ယာယီစခန်းနေရာများကို သိမ်းပိုက်ရရှိ
𝙈𝙃𝙏𝙉𝙀𝙒𝙎《𝙅𝙐𝙉~𝟐𝟐》
မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်နှင့် နတ်မောက်မြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင် အခြေချထားသော PDF အမည်ခံ အကြမ်းဖက်သမားများ၏ ယာယီစခန်းနေရာများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက သိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။
ရေနံချောင်းမြို့နယ်အတွင်း လုံခြုံရေးတာဝန်များ ဆောင်ရွက်လျက်ရှိသည့် တပ်ဖွဲ့ဝင်များက ဇွန် ၂၀ ရက်တွင် ရေနံချောင်းမြို့၏ အရှေ့မြောက်ဘက် မီတာ ၂၁၀၀၀ ခန့်အကွာရှိ လွန်းပင်ရှိုကျေးရွာ၏ ကျေးရွာစာကြည့်တိုက်အတွင်း၌ အကြမ်းဖက်သောင်းကျန်းသူများ၏ အသုံးအဆောင်ပစ္စည်းများကို သိမ်းဆည်းရရှိခဲ့ခြင်းဖြစ်သည်။
သိမ်းဆည်းရရှိသည့်အထဲတွင် မော်တော်ဆိုင်ကယ် (၁) စီး၊ စားဆီ (၅) ဂါလန် (၅) ပုံး၊ ပြောက်ကျားယူနီဖောင်း (၅) စုံ၊ ပြောက်ကျားဦးထုပ် (၅) လုံး၊ ၁ ပေခွဲပတ်လည် ဆိုလာ (၁) ချပ်၊ ၄ ပေ ၈ ပေပတ်လည် ဆိုလာ (၁) ချပ်၊ Inverter (၁) လုံး၊ ၁၂ ဗို့ ဘက်ထရီ (၁) လုံး၊Sound Box (၁) လုံး၊ အရပ်ကျောပိုးအိတ် (၂) လုံး၊ ၉ လုံးကျည် ၁၈ လုံးပါ (၁) တွဲ၊ နွေဦးထီ (၂၅) စောင်ပါ စာအုပ် (၁၅) အုပ်၊ YGN စာတမ်းပါ ဘက်တံဆိပ် (၃၇) ခုနှင့် မကွေးပြည်သူ့ကာကွယ်ရေးတံဆိပ် (၁) ခုတို့ ပါဝင်သည်ဟုဆိုသည်။
အလားတူ ယင်းနေ့ မွန်းလွဲပိုင်းတွင် ညောင်ပင်ကားကျေးရွာ၏ တောင်ဘက် မီတာ ၁၅၀ ခန့်၌ ယာယီစခန်းအဖြစ် နေထိုင်ခဲ့သည်ဟု ယူဆရသည့်နေရာကို ထပ်မံတွေ့ရှိခဲ့ရပြီး လူ ၂၀ ဦးဆံ့ ယာယီတဲ ၁ လုံး၊ ကင်းတဲ ၂ လုံးနှင့် လက်လုပ်နင်းမိုင်းမျိုးစုံ ၁၂ လုံးတို့အား သိမ်းဆည်းရမိခဲ့သလို ကန်သာကျေးရွာ၏ အရှေ့တောင်ဘက် မီတာ ၉၅၀ ခန့်၌ အကြမ်းဖက်သောင်းကျန်းသူများ ယာယီစခန်းချနေထိုင်ခဲ့သည့် နေရာတစ်ခုကို ထပ်မံတွေ့ရှိခဲ့ရသည်။
၎င်းနေရာမှ လက်လုပ်ဗုံးသီး (၁၁၇) လုံး၊ စက္ကူပတ်ခဲယမ်းပျော့ (၂) အိတ်၊ ကျည်ကာအင်္ကျီ (၁) ထည်၊ TNT အားမြှင့်ယမ်း (၂၁) ခု၊ ရန်သူ့ တန်းစီကွင်း (၁) ကွင်း၊ ရန်သူ့ခန်းမတဲ (၁) လုံး၊ လူ ၂၀ ဦးဆံ့ အိပ်ဆောင်တဲ (၁) လုံး၊ သံခုတင် (၄) လုံး၊ မော်တော်ဆိုင်ကယ် (၂) စီး၊ ဆိုလာ (၁) ချပ်၊ ဝရိန်စက် (၁) လုံး၊ ဝရိန်ချောင်း (အကြီး) (၁) ထုပ်၊ လမ်းလျှောက်စကားပြောစက် (၅)လုံး၊ လက်လုပ်ဗုံးသီး အခွံပြုလုပ်သည့် ဆက်စပ်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့သည်။
ထို့ပြင် နတ်မောက်မြို့နယ်အတွင်း လုံခြုံရေးတာဝန်များ ထမ်းဆောင်လျက်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များကလည်း ဇွန် ၇ ရက်နေ့တွင် နတ်မောက်မြို့နယ်၊ အိုင်မကျေးရွာ၏ အနောက်တောင်ဘက် မီတာ ၂၀၀ ခန့်အကွာ၌ အကြမ်းဖက်သောင်းကျန်းသူများနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက်သောင်းကျန်းသူ အလောင်း ၂ လောင်း၊ စနိုက်ပါသေနတ် ၁ လက် နှင့် ၇ ဒသမ ၆၂ မမကျည် ၁၂၀၀ တောင့်တို့အား သိမ်းပိုက်ရရှိခဲ့သည်ဟု သိရသည်။