Myanmar Hard Talk
MHTNEWSလက်နက်၊ ခဲယမ်းများနှင့်အတူ အလင်းဝင်လာသည့် PDF အမည်ခံအဖွဲ့ဝင် ၃၇၀ ကျော်အား ငွေကျပ်သိန်းပေါင်း ၁၆၀၀ ကျော်ပေးအပ်
𝙈𝙃𝙏𝙉𝙀𝙒𝙎《𝙅𝙐𝙉~𝟐𝟎》
နိုင်ငံတော်နှင့်တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို နားလည် သဘောပေါက်လာသည့် PDF အမည်ခံအဖွဲ့ဝင် အမျိုးသား ၃၃၈ ဦးနှင့် အမျိုးသမီး ၃၈ ဦး၊ စုစုပေါင်း ၃၇၆ ဦးတို့သည် လက်နက်၊ ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်းသို့ ထပ်မံဝင်ရောက်လာကြသည်ဟု သိရသည်။
၎င်းတို့ကို တာဝန်ရှိသူများက ကြိုဆိုလက်ခံ၍ မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းအပ်နှံပွဲကို ဇွန်လ ၁၉ ရက် နံနက်ပိုင်းက အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိ ရန်အောင်မြင်ခန်းမ၌ပြုလုပ်ရာ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းမှူး ဗိုလ်မှူးချုပ် အောင်ဌေးနှင့်တာဝန်ရှိသူများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အရာရှိ၊ စစ်သည်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် အလင်းဝင်လာသူများက ၎င်းတို့နှင့်အတူ ပါရှိလာသည့် MA-1 အမျိုးအစားသေနတ်(၈)လက်၊ MA-2 အမျိုးအစားသေနတ်(၂)လက်၊ MA -3 အမျိုးအစား သေနတ်(၈)လက်၊ M -22 အမျိုးအစား သေနတ်(၂)လက်၊ AK-47 အမျိုးအစား သေနတ်(၁)လက်၊ MA-11 အမျိုးအစား သေနတ်(၁)လက်၊ Type 81 အမျိုးအစား သေနတ် (၂) လက်၊ ပစ္စတိုသေနတ် (၂)လက်၊ လက်လုပ်သေနတ်အမျိုးအစား (၁၂)လက်၊ ကျည်အိမ် မျိုးစုံ(၃၉)ခု၊ ကျည်မျိုးစုံ (၇၉၀)တောင့်၊ လက်ပစ်ဗုံးမျိုးစုံ (၅)လုံး၊ စကားပြောစက် (၃)လုံးနှင့် မှန်ပြောင်း (၁)လက်တို့ကိုလွှဲပြောင်းအပ်နှံရာ တိုင်းမှူးကလက်ခံရယူသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က လက်နက်၊ ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူများအား မောင်းပြန် ရိုင်ဖယ် ၂၄ လက်အတွက် ဆုကြေးငွေကျပ် သိန်း ၁၂၀၀ ၊ ပစ္စတိုသေနတ် ၂လက်အတွက် ဆုကြေးငွေကျပ်သိန်း ၄၀၊ လက်လုပ်သေနတ် ၁၂လက်အတွက် ဆုကြေးငွေကျပ် သိန်း ၆၀၊ လက်ပစ်ဗုံး ၅ လုံးအတွက် ဆုကြေးငွေကျပ် ၁၅ သိန်း၊ စကားပြောစက် ၃လုံးအတွက် ဆုကြေးငွေကျပ် ၆သိန်း၊ မှန်ပြောင်း ၁ လက်အတွက် ဆုကြေးငွေကျပ် ၂သိန်း၊ လက်နက်မပါ အလင်းဝင်ရောက်လာသူများအား တစ်ဦးလျှင် ၁ သိန်းနှုန်းဖြင့် ၃၄၁ ဦးအတွက် ဆုကြေးငွေကျပ် ၃၄၁ သိန်း၊ စုစုပေါင်း ၁၆၆၄ သိန်းကျပ်အားပေးအပ်ကာ ခံဝန်ကတိလက်မှတ် ရေးထိုးစေပြီး မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းအပ်နှံပေးခဲ့သည်ဟု သိရသည်။