Myanmar Hard Talk

Myanmar Hard Talk

MHTNEWS

NSPNC နှင့် NDAA ၊ UWSP တို့ ငြိမ်းချမ်းရေးအတွက် မိုင်းလားနှင့် ပန်ဆန်းတို့မှာ သီးခြားစီ တွေ့ဆုံဆွေးနွေး


 𝙈𝙃𝙏𝙉𝙀𝙒𝙎《𝙅𝙐𝙉~𝟏𝟗》


အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေး ကော်မတီ(NSPNC) ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ (NDAA)၊ “ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP) တို့ မိုင်းလားနှင့် ပန်ဆန်းတို့မှာ သီးခြားစီတွေ့ဆုံ၍ ငြိမ်းချမ်းရေးဆွေးနွေးခဲ့ကြသည်ဟု သိရသည်။


အဆိုပါ NSPNC ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးရန်အတွက် ဇွန်လ ၁၇ ရက်နေ့က ရှမ်းပြည်နယ်၊ မိုင်းလားမြို့သို့ သွားရောက်ခဲ့ခြင်းဖြစ်ပြီး ငြိမ်းချမ်းရေးနှင့် စည်းလုံးရေးကော်မတီ၊ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ (NDAA) ဥက္ကဋ္ဌ ဦးထိန်လင်းနှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။


ယင်းနောက် တွေ့ဆုံဆွေးနွေးပွဲကို ကျင်းပပြုလုပ်ရာ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်နှင့် ကော်မတီဝင်များ၊ ငြိမ်းချမ်းရေး အကျိုးဆောင်များ၊ သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်မှ အရာရှိကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် အမျိုးသားဒီမိုကရက်တစ် မဟာမိတ်အဖွဲ့ (NDAA)မှ ဥက္ကဋ္ဌ ဦးထိန်လင်း၊ ဒုတိယဥက္ကဋ္ဌများ၊ အထွေထွေအတွင်းရေးမှူး၊ အမြဲတမ်း ကော်မတီဝင်များ၊ အတွင်းရေးမှူးအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။


တွေ့ဆုံဆွေးနွေးပွဲတွင် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က အစိုးရသစ် ငြိမ်းချမ်းရေး ဖိတ်ခေါ်မှု နှင့် ဆက်လက်ဆောင်ရွက်မည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအား ပြောကြားပြီးနောက် အမျိုးသား ဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ (NDAA) ဥက္ကဋ္ဌ ဦးထိန်လင်းက ပြောကြားရာတွင် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် သမ္မတအဖြစ် တာဝန် ထမ်းဆောင်ခြင်းအတွက် အထူးပင် ဝမ်းမြောက် ဂုဏ်ယူပါကြောင်း ဦးစွာပြောကြားသည်။


အလားတူ နိုင်ငံတော်သမ္မတအနေဖြင့် အစိုးရသစ်၏ လုပ်ငန်းစဉ်များတွင် ငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ပညာရေး၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူမှုစီးပွား တည်ငြိမ် ရေးတို့ကို ဦးစားပေးဆောင်ရွက်မည့် ကိစ္စရပ်များအပေါ် မိမိတို့အနေဖြင့် အလေးထား အသိအမှတ် ပြုပါကြောင်းနှင့် အထူးသဖြင့် ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးကို အရေးကြီး ကဏ္ဍတွင် ထားရှိခြင်းအပေါ် အပြုသဘောဆောင် တက်ကြွစွာ ပူးပေါင်းပါဝင် ဆောင်ရွက် သွားရန် အဆင်သင့်ရှိကြောင်း ပြောကြားသည်။


ထို့ပြင် ငြိမ်းချမ်း၊ စည်းလုံး၊ ဖွံ့ဖြိုးစေရန် တစိုက်မတ်မတ် လျှောက်လှမ်းလျက် နိုင်ငံတော်၏ အချုပ်အခြာအာဏာ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ နိုင်ငံတော်ငြိမ်းချမ်းရေး နှင့် နယ်စပ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် တတ်စွမ်းသမျှ ပါဝင်ဆောင်ရွက်မည် ဖြစ်ကြောင်း ပြောကြားခဲ့ပြီး အမျိုးသားဒီမိုကရက်တစ် မဟာမိတ်အဖွဲ့ (NDAA) ဒုတိယဥက္ကဋ္ဌ ဦးစန်ပေ့က ဒေသဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။


ယင်းနောက် တက်ရောက်လာကြသူများက ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကိစ္စများ၊ ပညာရေးနှင့် ကျန်းမာ ရေးဆိုင်ရာ သင်ကြားရေး ဆရာ၊ ဆရာမ လိုအပ်ချက်များ၊ စိုက်ပျိုးမွေးမြူရေးကိစ္စများ၊ မူးယစ် ဆေးဝါဒ အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစား တိုက်ဖျက်ရေး၊ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုများ နှိမ်နင်းရေး၊ လမ်းပန်းဆက်သွယ်မှုနှင့် ကုန်စည် စီးဆင်းမှု လွယ်ကူ ချောမွေ့စေရေး ကိစ္စများ၊ ဆက်လက်ဆောင်ရွက်မည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့် ပတ်သက်ပြီး နှစ်ဖက် အပြန်အလှန် ဆွေးနွေးညှိနှိုင်းခဲ့ကြသည်ဟု သိရသည်။


ဆက်လက်၍လည်း အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ ဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ဇွန်လ ၁၈ ရက်တွင် ရှမ်းပြည်နယ်၊ ပန်ဆန်းမြို့သို့ သွားရောက်ခဲ့ရာ “ဝ”ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP) ဒုတိယဥက္ကဋ္ဌ ဦးကျောက်ကော်အန်းနှင့် အဆင့်မြင့်ခေါင်းဆောင်များ ပါဝင်သည့် ကိုယ်စားလှယ်အဖွဲ့က ကြိုဆိုနှုတ်ဆက်ကြပြီး တွေ့ဆုံဆွေးနွေးမှုကို ဆက်လက်ပြုလုပ်ခဲ့ကြသည်။


တွေ့ဆုံရာတွင် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်း ရေးကော်မတီ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က ငြိမ်းချမ်းရေးကော်မတီ ၃ ရပ် ဖွဲ့စည်း ထားမှုနှင့် ငြိမ်းချမ်းရေး ဖိတ်ခေါ်ခဲ့မှုအခြေအနေ၊ ရှေ့ဆက်လက် ဆောင်ရွက်မည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအား ဆွေးနွေးပြောကြားရာ “ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP) ဒုတိယ ဥက္ကဋ္ဌ ဦးကျောက်ကော်အန်းက အဖွဲ့အစည်း၏ ရပ်တည်ချက်နှင့် သဘောထားများ၊ ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်မှု မပြိုကွဲရေးကို အစဉ်တစိုက် ထိန်းသိမ်း ဆောင်ရွက်နေမှု၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ပြည်ထောင်စု အစိုးရသစ်၏ ဦးဆောင်မှုအောက်တွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ပြည်သူ့နေထိုင်မှုဘဝ တည်ဆောက်ရေးကို ရှေ့ဆက် တိုးမြှင့်ဆောင်ရွက်လိုမှု အခြေအနေများ၊ နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုဖြင့် သဘောထား ကွဲလွဲမှုများကို ဖြေရှင်းနိုင်ရေး ကိစ္စများ၊ ဒေသဆိုင်ရာကိစ္စများအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေး ပြောကြားသည်။


ယင်းနောက် တက်ရောက်လာကြသူများက လက်ရှိ နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှု အခြေအနေ၊ ငြိမ်းချမ်းရေး ကြိုးပမ်းဆောင်ရွက်နေမှု၊ နယ်စပ်ဒေသ တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး၊ လက်ရှိအခြေအနေထက် ပိုမို သာလွန်ကောင်းမွန်သည့် နိုင်ငံရေး ရည်မှန်းချက်များ ထားရှိဖော် ဆောင်နိုင်ရေးကိစ္စများကို နှစ်ဖက် အမြင်ချင်းဖလှယ် ဆွေးနွေး ညှိနှိုင်းခဲ့ကြသည်ဟု သိရသည်။

Report Page