Myanmar Hard Talk
MHTNEWSအမျိုးသမီးတစ်ဦးကို တရုတ်ဇနီးမယားအဖြစ် ရောင်းစားပြီး ငွေကြေးများကို ခေါင်းပုံဖြတ်ရယူခဲ့ကြသူ ၃ ဦးအပေါ် အလုပ်နှင့် ထောင်ဒဏ် ၁၂ နှစ်စီချမှတ်
𝙈𝙃𝙏𝙉𝙀𝙒𝙎《𝙅𝙐𝙉~𝟏𝟖》
မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့နယ်နေ အသက်(၂၀) အရွယ် အမျိုးသမီးတစ်ဦးကို တရုတ်ဇနီးမယားအဖြစ် တရုတ်နိုင်ငံသ်ို့ ပို့ဆောင်ရောင်းစားပြီး ရရှိသော ငွေကြေးအကျိုးအမြတ်များကို ခေါင်းပုံဖြတ်ရယူခဲ့ကြသူ တရားခံ ၃ ဦးအပေါ် မရမ်းကုန်းခရိုင် တရားရုံးက လူကုန်ကူးမှုဖြင့် အလုပ်နှင့် ထောင်ဒဏ် ၁၂ နှစ်စီကြခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။
ယင်းတရားခံများမှာ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ ရွှေဝါထွန်းလမ်းတွင် နေထိုင်သူများဖြစ်သည့် ဟိန်းလင်းထက်၊ (၂၅) နှစ်၊ အိသန္တာဖြိုး၊ (၂၅) နှစ် နှင့် တရုတ်နိုင်ငံ၊ ရွှေလီမြို့တွင်နေထိုင်သည့် မလုတောင်ဆိုသူတို့ဖြစ်ကြသည်ဟုဆိုသည်။
ယင်းတို့အနက် ဟိန်းလင်းထက်နှင့် အိသန္တာဖြိုး ဆိုသူတို့က ကျောက်ပန်းတောင်းမြို့နယ်နေ အသက်(၂၀) အရွယ် အမျိုးသမီးတစ်ဦးကို တရုတ်နိုင်ငံတွင် တရုတ်ယောကျ်ားယူပါက ငွေကျပ်သိန်း ၁၅၀ ရမည်၊ တစ်နှစ်နေပြီး ကလေးတစ်ဦးမွေးပြီးပါက ပြန်ခေါ်ပေးမည်ဟု ပြောဆိုကာ အိသန္တာဖြိုးက ရန်ကုန်မြို့မှ မူဆယ်မြို့သို့ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီတွင် ပို့ဆောင်ပြီးနောက် ယာယီနယ်စပ်ဖြတ်သန်းခွင့်လက်မှတ်ဖြင့် တရုတ်နိုင်ငံ၊ ရွှေလီမြို့ရှိ မလုတောင်ထံသို့ ပို့ပေးခဲ့ကြောင်း သိရသည်။
ထို့နောက် အမျိုးသမီးငယ်အား မလုတောင်က တရုတ်အမျိုးသား အာဖိန်နှင့် ချိတ်ဆက်ပေးခဲ့ရာ အာဖိန်က သဘောကျသဖြင့် တည်းခိုခန်းတစ်ခုတွင် လင်မယားအဖြစ် ပေါင်းသင်းခဲ့ရာ မလုတောင်က အမျိုးသမီးငယ်အား ငွေကျပ်သိန်း ၇၀ ပေးခဲ့ပြီး အိသန္တာဖြိုးအား ပွဲစားခအဖြစ် ငွေကျပ် ၁၀ သိန်းအပြင် ချေးငွေကျပ်သိန်း ၂၀ ချေးပေးခဲ့သည်ဟုဆိုသည်။
ကျန်ငွေ ကျပ်သိန်း ၄၀ ကို ဟိန်းလင်းထက်ထံ လွှဲပေးခဲ့ပြီး အာဖိန်နှင့်အတူနေထိုင်စဉ် ကုန်ကျစရိတ်အဖြစ် အာဖိန်က မလုတောင်အား ယွမ် ၁၅၀၀၀၀ ပေးခဲ့ရကြောင်း၊ အမျိုးသမီးငယ်သည် အာဖိန်နှင့်အတူ တရုတ်နိုင်ငံသို့ လိုက်ပါရန်အတွက် နိုင်ငံကူးလက်မှတ်၊ လက်ထပ်စာချုပ်နှင့် ဗီဇာများပြုလုပ်ရန်အတွက် ရွှေလီ-မူဆယ်-မန္တလေး-ရန်ကုန်သို့ အဆင့်ဆင့်သွားရောက်ခဲ့ပြီး မလုတောင်စီစဉ်ပေးသည့် SWEET ဟိုတယ်တွင် တည်းခိုစဉ် မလုတောင်က တရုတ်နိုင်ငံလေကြောင်းခရီးစဉ်ဖြင့် ရန်ကုန်သို့ ရောက်ရှိခဲ့ကြောင်း သိရသည်။
ထို့နောက် အမျိုးသမီးငယ်၊ အာဖိန်နှင့် မလုတောင်တို့သည် Clover Suites Royal Lake Hotel တွင် ပြောင်းရွှေ့တည်းခိုနေထိုင်စဉ် တာဝန်ရှိသူများ ရောက်ရှိစစ်ဆေးခဲ့ရာမှ ၎င်းတရားခံများကို ဖမ်းဆီးရမိခဲ့သဖြင့် အမှတ် (၆) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု (ရန်ကုန်)မှ တရားလိုပြုလုပ် တိုင်တန်းခဲ့ရာ မရမ်းကုန်းမြို့မရဲစခန်း(ပ) ၆၆/၂၀၂၅၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ဥပဒေပုဒ်မ ၃၅/၄၄ ဖြင့် အမှုရေးဖွင့်တရားစွဲတင်ခဲ့ပြီး ၂၀၂၆ ခုနှစ် ဇွန် ၁၆ ရက်တွင် မရမ်းကုန်းခရိုင်တရားရုံးမှ ၎င်းတို့ ၃ ဦးကို လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ဥပဒေပုဒ်မ ၃၅ အရ အလုပ်နှင့် ထောင်ဒဏ် ၁၂ နှစ် ကျခံစေရန် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။