Myanmar Hard Talk

Myanmar Hard Talk

MHTNEWS

မြန်မာနိုင်ငံအတွင်းရှိ တရုတ်လုပ်ငန်းများနှင့် ဝန်ထမ်းများ၏ လုံခြုံရေးကို မြန်မာနိုင်ငံမှ အထူးအလေးထားပြီး အစွမ်းကုန် အာမခံချက်ပေးသွားမည်ဟု နိုင်ငံတော်သမ္မတပြောကြား


𝙈𝙃𝙏𝙉𝙀𝙒𝙎《𝙅𝙐𝙉~𝟏𝟔》


မြန်မာနိုင်ငံမှ တရုတ်နိုင်ငံနှင့်အတူ ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ရန်၊ မြန်မာ-တရုတ် စီးပွားရေးစင်္ကြံကို ပူးတွဲ တည်ဆောက်ရန်၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုအဆင့်အတန်းကို မြှင့်တင်ရန် မျှော်လင့်ပါကြောင်းနှင့် မြန်မာနိုင်ငံအတွင်းရှိ တရုတ်လုပ်ငန်းများနှင့် ဝန်ထမ်းများ၏ လုံခြုံရေးကို မြန်မာနိုင်ငံမှ အထူးအလေးထားပြီး အစွမ်းကုန် အာမခံချက် ပေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားခဲ့သည်ဟု တရုတ်သတင်းများက ဖော်ပြသည်။


တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် (State Visit) ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ ဇွန်လ ၁၆ ရက် နံနက်ပိုင်းက ပေကျင်းမြို့ The Great Hall ခန်းမ၌ တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့်တွေ့ဆုံဆွေးနွေးစဥ် ယခုလို ပြောကြားခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။


အလားတူ မြန်မာ-တရုတ် နှစ်နိုင်ငံသည် ရေရှည်တည်တံ့ခိုင်မြဲသော ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးရှိကြောင်း၊ အစဉ်အမြဲ အပြန်အလှန်ကူညီပံ့ပိုးခဲ့ကြပြီး ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး အခြေခံမူကြီး (၅) ရပ်ကို စွဲကိုင်ကာ ခိုင်မာသော အိမ်နီးချင်းကောင်းမိတ်ဖက်ဆက်ဆံရေးကို ထူထောင်ခဲ့ကြကြောင်း၊ ယခုအခါ ကံကြမ္မာအကျိုးတူ အေးအတူပူအမျှအသိုက်အဝန်း တည်ဆောက်ရေး အဆင့်သစ်သို့ ဦးတည်တက်လှမ်းနေပြီဖြစ်ကြောင်း ပြောကြားသည်။


ထို့ပြင် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု၊ တည်ငြိမ်မှု၊ ငြိမ်းချမ်းရေးနှင့် ပြန်လည်သင့်မြတ်ရေးတို့အတွက် တရုတ်နိုင်ငံက ရေရှည်အတ္တကင်းစွာ ပံ့ပိုးကူညီပေးခဲ့မှုအပေါ် မြန်မာနိုင်ငံမှ ကျေးဇူးတင်ရှိပါကြောင်းနှင့် တရုတ်တစ်နိုင်ငံတည်းမူဝါဒ “One China Policy” ကို ခိုင်မာစွာ ဆက်လက်လိုက်နာသွားမည်ဖြစ်ကြောင်း၊ မြန်မာအစိုးရသစ်အနေဖြင့် ပြည်တွင်းငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို အစွမ်းကုန်မြှင့်တင်နေပြီး မိမိနိုင်ငံ အခြေအနေနှင့် ကိုက်ညီသော နိုင်ငံရေးစနစ်နှင့် ဖွံ့ဖြိုးတက်မှုလမ်းကြောင်းကို တက်ကြွစွာ ရှာဖွေဖော်ထုတ်လျက်ရှိပါကြောင်း ပြောကြားသည်။


ဆက်လက်၍လည်း မြန်မာနိုင်ငံသမ္မတ ဦးမင်းအောင်လှိုင်က တရုတ်နိုင်ငံ၏ “၁၅ ကြိမ်မြောက် ငါးနှစ်စီမံကိန်း” အကောင်အထည်ဖော်မှုသည် မြန်မာနိုင်ငံအပါအဝင် အာရှအိမ်နီးချင်းနိုင်ငံများအတွက် အရေးကြီးသော အခွင့်အလမ်းများကို ဖော်ဆောင်ပေးလျက်ရှိပါကြောင်း၊ အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှုများကို ပြတ်ပြတ်သားသား နှိမ်နင်းရန်၊ နယ်စပ်ဒေသလုံခြုံရေးနှင့် တည်ငြိမ်ရေးကို ထိန်းသိမ်းရန် မြန်မာနိုင်ငံမှ တရုတ်နိုင်ငံနှင့်အတူ အနီးကပ် ပူးပေါင်းဆောင်ရွက် သွားလိုကြောင်း၊ တရုတ်သမ္မတ ရှီကျင့်ဖျင် အဆိုပြုထားသည့် ကမ္ဘာလုံးဆိုင်ရာ အစီအမံကြီး (၄) ရပ်ကို မြန်မာနိုင်ငံမှ အပြည့်အဝ ထောက်ခံပါကြောင်း၊ တရုတ်နိုင်ငံနှင့်အတူ ဘက်စုံဆက်သွယ်ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်လိုပါကြောင်းဖြင့် ပြောကြားခဲ့သည်ဟု သိရသည်။

Report Page