Myanmar Hard Talk
MHTNEWSရုရှားဖက်ဒရေးရှင်းနိုင်ငံ၏ အမျိုးသားနေ့အထိမ်းအမှတ် ဧည့်ခံပွဲအခမ်းအနားသို့ ဒုသမ္မတ(၂) တက်ရောက်
𝙈𝙃𝙏𝙉𝙀𝙒𝙎《𝙅𝙐𝙉~𝟏𝟐》
ရန်ကုန်မြို့အခြေစိုက် ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံရုံးက ကျင်းပသည့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏ အမျိုးသားနေ့အထိမ်းအမှတ် ဧည့်ခံပွဲအခမ်းအနားကို ဇွန်လ ၁၁ ရက်၊ ညပိုင်းက ရန်ကုန်မြို့ ရှိ Lotte Hotel ၌ ကျင်းပရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဒေါ်နန်းနီနီအေး တက်ရောက်ခဲ့သည်ဟု သိရသည်။
အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးသန်းမောင်နှင့် ဇနီး၊ ဒေါက်တာမောင်သင်း၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုဦး၊ တပ်မတော်အဆင့်မြင့်အရာရှိကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် ဇနီး၊ ဒုတိယဝန်ကြီး ဒေါက်တာနေခြည်လဲ့လဲ့သိန်း၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ မြို့တော်ဝန် ဦးမျိုးမြင့်အောင်၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံရုံးယာယီတာဝန်ခံ Ms. Natalia Nefedova၊ ရန်ကုန်မြို့ရှိ နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများ၊ သံရုံးယာယီတာဝန်ခံများ၊ စစ်သံမှူးများနှင့် ဖိတ်ကြားထားသူများလည်း တက်ရောက်ခဲ့ကြသည်။
ဒုတိယသမ္မတနှင့် အခမ်းအနားသို့တက်ရောက်လာကြသူများကို မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံရုံးယာယီတာဝန်ခံ၊ စစ်သံမှူးနှင့် တာဝန်ရှိသူတို့က ကြိုဆိုနှုတ်ဆက်ခဲ့ကြပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံတို့၏ နိုင်ငံတော်သီချင်းများဖြင့် အခမ်းအနားကို စတင်ဖွင့်လှစ်ခဲ့ကြသည်။
ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ ရုရှား ဖက်ဒရေးရှင်းနိုင်ငံ သံရုံးယာယီတာဝန်ခံက နှုတ်ခွန်းဆက်စကား ပြောကြားကာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏ ယဉ်ကျေးမှုအမွေအနှစ်များ၊ သိပ္ပံပညာဆိုင်ရာ အောင်မြင်မှုများ၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် နိုင်ငံတကာရေးရာအခန်းကဏ္ဍ မှတ်တမ်းဗီဒီယိုကို ပြသသည်။
ဆက်လက်၍ ဒုတိယသမ္မတသည် အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့်အတူ ညစာကို အတူတကွသုံးဆောင်ကာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏ ယဉ်ကျေးမှုအဖွဲ့များက ရိုးရာယဉ်ကျေးမှုအကအလှများ၊ တေးသီချင်းများဖြင့် သီဆိုကပြဖျော်ဖြေတင်ဆက်မှုကို ကြည့်ရှုအားပေးပြီးနောက် အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။