Myanmar Hard Talk

Myanmar Hard Talk

MHTNEWS

ရေဆိုင်ရာထုတ်ကုန်များကို စီးပွားဖြစ်ထုတ်လုပ်ရေးအတွက် အလားအလာများ ရှာဖွေကြရန်လိုကြောင်း နိုင်ငံတော်သမ္မတပြောကြား


𝙈𝙃𝙏𝙉𝙀𝙒𝙎《𝙅𝙐𝙉~𝟏𝟎》


မိမိတို့အနေဖြင့် ရေအရင်းအမြစ်များကို ပိုမိုပြီးထိထိရောက်ရောက် အကျိုးရှိရှိအသုံးချပြီး နိုင်ငံစီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရန် ရေဆိုင်ရာရင်းနှီးမြှုပ်နှံမှုများဆောင်ရွက်ရန် အလားအလာကောင်းများရှိနေသည်ကို တွေ့ရမည်ပင်ဖြစ်သဖြင့် ရေချိုအရင်းအမြစ်များ ထိန်းသိမ်းအသုံးချရန် အနိမ့်တမံများတည်ဆောက်ရေး၊ ရေအားလျှပ်စစ် ထုတ်လုပ်ရေး၊ မြို့ပြနှင့်ကျေးလက်သောက်သုံးရေပေးဝေရေး၊ စိုက်ပျိုးရေပေးဝေရေးနှင့် ရေဆိုင်ရာထုတ်ကုန်များကို စီးပွားဖြစ်ထုတ်လုပ်ရေးအတွက် အလားအလာများ ရှာဖွေကြရန်လိုကြောင်း အမျိုးသားအဆင့်ရေအရင်းအမြစ်ကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က တိုက်တွန်းပြောကြားသည်။


ဇွန်လ ၉ ရက်၊ မွန်းလွဲပိုင်းက နိုင်ငံတော်သမ္မတရုံးတော်၊ အစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်သည့် အမျိုးသားအဆင့်ရေအရင်းအမြစ်ကော်မတီအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြားစဥ် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ပြီး မိမိတို့နိုင်ငံတွင်ရှိသည့် မြစ်ချောင်းများမှထုတ်လုပ်နိုင်သည့် ရေအားလျှပ်စစ်ပမာဏသည် မဂ္ဂါဝပ် တစ်သိန်းကျော်ရှိသည်ဟု လေ့လာသိရှိရကြောင်းကိုလည်း ထည့်သွင်းပြောကြားခဲ့သည်။


အလားတူ လက်ရှိထုတ်လုပ်နိုင်သည့် ရေအားလျှပ်စစ်ပမာဏသည် ၃,၅၀၀ မဂ္ဂါဝပ်ခန့်သာရှိသည့်အတွက် ၃ ဒသမ ၅ ရာခိုင်နှုန်းခန့်သာ ထုတ်လုပ်နိုင်သေးသည်ကိုလည်းတွေ့ရှိရသဖြင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဖြစ်ပြီး ထိထိရောက်ရောက်အကျိုးရှိနိုင်မည့် ရေအားလျှပ်စစ်ထုတ်လုပ်ရေးတွင် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုရရှိအောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားသည်။


ထို့ပြင် စိုက်ပျိုးရေးတွင်ဆိုပါက တစ်နိုင်ငံလုံး စပါးစိုက်ဧက ၁၅ သန်းနီးပါးရှိရာတွင် မိုးရာသီ၌ ဧက ၁၅ သန်းခန့် စိုက်ပျိုးနိုင်သော်လည်း နွေရာသီတွင် စိုက်ဧရိယာ ဧက ၂ ဒသမ ၇၁ သန်းခန့်သာ စိုက်ပျိုးနိုင်ကြောင်းကို တွေ့ရကြောင်းနှင့် စိုက်ဧကတိုးချဲ့ခြင်းသည် အဓိကမဟုတ်ဘဲရှိသည့် စိုက်ဧကအတွင်း အောင်မြင်အောင်စိုက်ပျိုးကြစေလိုကြောင်း ပြောကြားခဲ့သလို မိမိတို့နိုင်ငံ၏ တချို့ဒေသများ၌ တစ်နှစ်အတွင်း သီးထပ်သုံးကြိမ်အထိ စိုက်ပျိုးနိုင်သည်ကိုတွေ့ရပြီး တချို့ဒေသများတွင် သီးထပ် နှစ်ကြိမ်အထိ စိုက်ပျိုးနိုင်သည်ကို တွေ့ရှိရကြောင်း ပြောကြားသည်။


ဆက်လက်၍လည်း နိုင်ငံတော်သမ္မတက အချို့ဒေသများ၌မူ သီးထပ်လုံးဝမစိုက်ပျိုး နိုင်သည်ကိုလည်း တွေ့ရကြောင်း၊ နွေရာသီကာလတွင် စိုက်ပျိုးနိုင်ရန်လိုအပ်သည့် ရေအရင်းအမြစ်ကိုရရှိရန်အတွက် ချောင်းပိတ်၊ မြောင်းပိတ်ရေလှောင်ကန်များ တည်ဆောက်ခြင်း၊ သဲချောင်းများတွင် မြေအောက်တမံများတည်ဆောက်ခြင်း၊ ဆိုလာမြစ်ရေတင်လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ စက်ရေတွင်းများတူးဖော်၍ ဆိုလာရေတင်စနစ်များဆောင်ရွက်နိုင်မည်ဆိုပါက နိုင်ငံ၏စားရေရိက္ခာ ဖူလုံစေနိုင်မည်ဖြစ်ကြောင်းကို တွေ့ရှိရကြောင်း။


နိုင်ငံတစ်ဝန်း တည်ဆောက်ပြီးဖြစ်သည့် ဆည်တမံများ၏ ကြံ့ခိုင်ရေး၊ သဲနုန်းပို့ချမှုအခြေအနေ၊ ရေဝင်ရောက်မည့် ရေဝေရေလဲဒေသအခြေအနေ၊ ရေပိုလွှဲများနှင့် ရေမြောင်းစနစ် စသည်တို့ကို ပုံမှန်စစ်ဆေးပြီး လိုအပ်သည်များကို အစဉ်အမြဲပြုပြင်ထိန်းသိမ်းနေရန် လိုအပ်ကြောင်း၊ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုလျှော့ချရေးနှင့် ရေအရင်းအမြစ်များထိန်းသိမ်းရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ တောမီးရှို့ခြင်းများ၊ တောင်ယာမီးရှို့ခြင်းများသည်လည်း ရေဝေရေလဲဒေသများအပါအဝင် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေနိုင်သည့်အတွက် အသိပညာပေးမှုနှင့် ကာကွယ်တားဆီးမှုများ ဆောင်ရွက်နိုင်ရေး တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် စီမံချက်များချမှတ်ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။


နွေရာသီတွင် သောက်သုံးရေနှင့်စိုက်ပျိုးရေရှားပါးသည့် စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးများမှကျေးရွာများတွင် ရေရရှိရေးအတွက် နှစ်အလိုက်စီမံချက်ချ ဆောင်ရွက်ခြင်းများကို အရှိန်မြှင့်တင်သွားရန်လိုကြောင်း၊ အချို့ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ အချို့နေရာများတွင်လည်း နွေရာသီမိုးမကျမီကာလ၌ သောက်သုံးရေ ပြတ်လပ်မှုများရှိနေဆဲဖြစ်သည်ကို တွေ့ရကြောင်း၊ မိုးများသည့်ဒေသများဖြစ်သည့် မြန်မာနိုင်ငံအောက်ပိုင်းနှင့် ကမ်းရိုးတန်းဒေသများအပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ်များအလိုက် အိမ်တိုင်းတွင် တစ်ပိုင်တစ်နိုင် မိုးရေကို စုဆောင်းသိုလှောင်ကြရန်နှင့် ရပ်ကွက်၊ ကျေးရွာအလိုက် တစ်နှစ်ပတ်လုံး ရေဖူလုံစေရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားလိုကြောင်း၊ မိမိတို့ တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ ရေရရှိရေးဆိုင်ရာအခက်အခဲများ၊ ဖြေရှင်းဆောင်ရွက်ပေးမည့် အစီအမံများကိုလည်း ယခုအစည်းအဝေးတွင် တင်ပြဆွေးနွေးသွားစေလိုကြောင်း။


ယခုအခါ တစ်ကမ္ဘာလုံးနှင့်ဆိုင်သည့် ရာသီဥတုပြောင်းလဲခြင်း ဖြစ်စဉ်များ၏ အကျိုးသက်ရောက်မှုများကြောင့် အပူချိန်မြင့်မားလာခြင်း၊ မိုးရွာသွန်းမှုပုံစံမမှန်ခြင်း၊ မုန်တိုင်းများတိုက်ခတ်ခြင်း၊ ရေကြီးခြင်း၊ မြေပြိုခြင်း၊ မိုးခေါင်ခြောက်သွေ့ခြင်း၊ ရေရှားပါးခြင်း၊ ငလျင်လှုပ်ခြင်း စသည့်သဘာဝဘေးအန္တရာယ်များကလည်း ကမ္ဘာ့နေရာအနှံ့အပြားတွင် ဖြစ်ပေါ်ခံစားနေကြရကြောင်း၊ ယခုနှစ်တွင် အယ်လ်နီညိုပေါ်ပေါက်ရန် ဖြစ်နိုင်ခြေမြင့်မားနေသည့်အတွက် ၂၀၂၆ နှစ်လယ်ပိုင်းမှ ၂၀၂၇ နှစ်လယ်ပိုင်းအထိ အပူဒဏ်လွန်ကဲခြင်း၊ မိုးခေါင်ရေရှားခြင်း ဖြစ်လာနိုင်မည်ဖြစ်သဖြင့် ယင်းကိုကာကွယ်နိုင်ရန် ယခုကတည်းက ကြိုတင်ပြင်ဆင်ထားရမည်ဖြစ်ကြောင်း။


၁၉၅၀ ပြည့်နှစ်မှ ၂၀၂၆ ခုနှစ်အတွင်း အားကောင်းသည့် အယ်လ်နီညို ဖြစ်ပေါ်ခဲ့သည့်နှစ်များနှင့် အင်အားပြင်းထန်သည့် အယ်လ်နီညိုဖြစ်ပေါ်ခဲ့သောနှစ်များရှိခဲ့ပြီး ပြည်တွင်းဒေသအများစု၌ အမြင့်ဆုံးအပူချိန်စံချိန်သစ်တင်ခြင်းများနှင့် မိုးခေါင်မှုနှင့် သောက်သုံးရေ ပြတ်လပ်မှုများ ကြုံတွေ့ခဲ့ကြရကြောင်း။


၂၀၀၉-၂၀၁၀ ပြည့်နှစ်တွင်ဖြစ်ပေါ်ခဲ့သည့် အားအသင့်အတင့်ရှိသော အယ်လ်နီညိုဖြစ်စဉ်ကြောင့် ၂၀၁၀ ပြည့်နှစ် မေလအတွင်း မိုးလေဝသ စခန်းပေါင်း ၂၀ သည် အမြင့်ဆုံးအပူချိန် စံချိန်သစ်တင်ခဲ့ကြကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး မြင်းမူမြို့၌ အမြင့်ဆုံးအပူချိန် ၄၇ ဒသမ ၂ ဒီဂရီဆဲလ်စီးယပ်ဖြင့် စံချိန်သစ်တင်ခဲ့ပြီး ၎င်းစံချိန်သစ်သည် ယင်းအချိန်က မြန်မာနိုင်ငံတစ်နိုင်ငံလုံး၏ အမြင့်ဆုံးအပူချိန် စံချိန်သစ်လည်းဖြစ်ခဲ့ကြောင်း၊ ၂၀၂၄ ခုနှစ်သည် ကမ္ဘာတစ်ဝန်းတွင် အပူဆုံးနှစ်ဖြစ်ခဲ့သည်နှင့်အညီ မြန်မာနိုင်ငံတွင်လည်း ဧပြီလအတွင်း ချောက်၊ မန္တလေးနှင့် ညောင်ဦးဒေသတို့၌ အပူချိန် ၄၅ ဒီဂရီဆဲလ်စီးယပ်မှ ၄၈ ဒသမ ၂ ဒီဂရီ ဆဲလ်စီးယပ်အထိ စံချိန်သစ်တင်မြင့်တက်ခဲ့ကြောင်း၊ ထူးခြားချက်အနေဖြင့် တိုင်ဖွန်းမုန်တိုင်း “ရာဂီ” ၏ အကြွင်းအကျန်တိမ်များသည် မြန်မာနိုင်ငံအလယ်ပိုင်းဒေသများကို လေပွေလှိုင်းအဖြစ် ဖြတ်ကျော်ခဲ့ခြင်းကြောင့် စက်တင်ဘာလ ၁၁ ရက်နှင့် ၁၂ ရက်တို့တွင် မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ ဒေသအလိုက် နေရာကွက်ပြီးမိုးကြီးကာ စံချိန်သစ်တင် ရွာသွန်းခဲ့သည်ကိုတွေ့ရှိရကြောင်း။

 

မိမိတို့ကဲ့သို့ ဖွံ့ဖြိုးဆဲနိုင်ငံများအနေဖြင့် ရာသီဥတုပြောင်းလဲခြင်း ဖြစ်စဉ်များတွင် အခြားနိုင်ငံများထက်ပိုမိုပြင်းထန်စွာ ခံစားရနိုင်သောကြောင့် လိုက်လျောညီထွေနေနိုင်ရေး ကြိုတင်သုံးသပ်စီမံထားရန်လိုကြောင်း။

 

ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များ၊ အဖွဲ့အစည်းများအနေဖြင့် လမ်း၊ တံတား စသည့်အခြေခံအဆောက်အအုံများ၊ လူနေအဆောက်အအုံများ တည်ဆောက်သည့်အခါတွင် သဘာဝဘေးအန္တရာယ် သက်ရောက်နိုင်မှုတို့ကို ကြိုတင်တွေးဆ ထည့်သွင်းစဉ်းစားပြီး ဆောင်ရွက်ကြရန်လိုကြောင်း၊ ရေနှင့်ဆက်နွှယ်သည့် သဘာဝဘေးအန္တရာယ်များကြောင့် ထိခိုက်ဆုံးရှုံးမှုလျော့နည်းသက်သာစေရေး၊ စီမံခန့်ခွဲရာတွင် အထောက်အကူပြုနိုင်ရေး သုတေသနလုပ်ငန်းများကို သက်ဆိုင်ရာဝန်ကြီးဌာနများမှ အားပေးဆောင်ရွက်ကြရန်လည်း တိုက်တွန်းလိုကြောင်း။

 

ရေချိုအရင်းအမြစ်များကို စိုက်ပျိုးရေ၊ သောက်သုံးရေ၊ စက်မှုသုံးရေများအပါအဝင် ကဏ္ဍစုံ၌အသုံးချနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ ယနေ့အစည်းအဝေးတွင် ရေထုညစ်ညမ်းမှုနှင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုလျှော့ချနိုင်ရေး ဆောင်ရွက်နေမှုများ၊ ရေဆိုင်ရာအခက်အခဲများကို ဖြေရှင်းဆောင်ရွက်ပေးနေမှုများနှင့် ရေဆိုင်ရာသဘာဝဘေးအန္တရာယ်များကို တုံ့ပြန်ဖြေရှင်းနိုင်ရေး ပြင်ဆင်ထားရန်ကိစ္စများနှင့်စပ်လျဉ်း၍ ကော်မတီဝင်များက ဆွေးနွေးပေးကြစေလိုကြောင်း၊ အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီအနေဖြင့် နိုင်ငံတော်နှင့် ပြည်သူများအတွက် အကျိုးရှိစေမည့် ရေကဏ္ဍဖွံ့ဖြိုးစေရေး၊ ရေအရင်းအမြစ်ဘက်စုံစီမံခန့်ခွဲမှုများ စနစ်တကျဆောင်ရွက်စေရေးတို့ကို ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားလိုကြောင်းဖြင့် ပြောကြားခဲ့သည်ဟု သိရသည်။

Report Page