Myanmar Hard Talk
MHTNEWSမြန်မာ-အိန္ဒိယ ကုန်သွယ်မှုကို ပထမအဆင့်အနေဖြင့် အမေရိကန် ဒေါ်လာ ၃ ဘီလီယံအထိရောက်ရှိအောင်ဆောင်ရွက်ရန်၊ ဒုတိယအဆင့်အနေဖြင့် အမေရိကန်ဒေါ်လာ ၅ ဘီလီယံအထိရောက်အောင် မျှော်မှန်းဆောင်ရွက်သွားရန် ဆွေးနွေးနိုင်ခဲ့ကြောင်း နိုင်ငံတော်သမ္မတပြောကြား
𝙈𝙃𝙏𝙉𝙀𝙒𝙎《𝙅𝙐𝙉~4》
အိန္ဒိယနိုင်ငံဝန်ကြီးချုပ်နှင့် တွေ့ဆုံဆွေးနွေးချိန်တွင် ကုန်သွယ်မှုမှာ အမေရိကန်ဒေါ်လာ ၂ ဘီလီယံကျော်သာရှိခဲ့သဖြင့် ပထမအဆင့်အနေဖြင့် အမေရိကန် ဒေါ်လာ ၃ ဘီလီယံအထိရောက်ရှိအောင်ဆောင်ရွက်ရန်၊ ဒုတိယအဆင့်အနေဖြင့် အမေရိကန်ဒေါ်လာ ၅ ဘီလီယံအထိရောက်အောင် မျှော်မှန်းဆောင်ရွက်သွားရန် ဆွေးနွေးနိုင်ခဲ့ပြီးဖြစ်ကြောင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားသည်။
မြန်မာ-အိန္ဒိယ စီးပွားရေးဆွေးနွေးပွဲ (Myanmar-India Business Dialogue) တွင်ပြောကြားခဲ့ခြင်းဖြစ်ပြီး ယင်းဆွေးနွေးပွဲကို ဇွန်လ ၃ ရက် နံနက်ပိုင်းက အိန္ဒိယနိုင်ငံ၊ မွန်ဘိုင်းမြို့ရှိ၊ The Taj Mahal Palace ဟိုတယ်၌ကျင်းပခဲ့ခြင်းဖြစ်သည်။
ကုန်သွယ်မှုတွင်လည်း နှစ်နိုင်ငံကုန်သွယ်မှုတိုးတက်စေရေး ကျပ်နှင့် ရူပီးတိုက်ရိုက်ပေးချေရေးသဘောတူညီထားပြီးဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားခဲ့သလို မိမိအိန္ဒိယနိုင်ငံဗဟိုဘဏ်မှ တာဝန်ရှိသူများနှင့်လည်း တွေ့ဆုံဆွေးနွေးခဲ့ပြီးဖြစ်ကြောင်းနှင့် မိမိတို့အနေဖြင့် အိန္ဒိယနိုင်ငံမှ သွင်းကုန်များပိုမိုတင်သွင်းရန်ဆန္ဒရှိပြီး အထူးသဖြင့် သံနှင့်သံမဏိများ၊ ဘိလပ်မြေ၊ ဆေးဝါး၊ စက်သုံးဆီများ၊ ဆိုလာနှင့်ပတ်သက်သည့်ပစ္စည်းများကို တင်သွင်းသွားလိုကြောင်း ပြောကြားသည်။
အလားတူ မိမိတို့နိုင်ငံမှလည်း ပဲမျိုးစုံနှင့်ဆီထွက်သီးနှံများ၊ ရေထွက်ပစ္စည်းများ၊ သစ်တောထွက်ပစ္စည်းများ၊ အထည်အလိပ်နှင့် အထည်ချုပ်လုပ်ငန်းများ၊ ဆန်နှင့်ရာဘာထွက်ပစ္စည်းများ တင်ပို့သွားလိုကြောင်း၊ မိမိတို့မြန်မာနိုင်ငံတွင် အိန္ဒိယနွယ်ဖွားများ များစွာရှိပြီး အပြန်အလှန်ကူးသန်းသွားလာမှုများ၊ ဗုဒ္ဓဂယာသို့ သွားရောက်လည်ပတ်မှုများရှိသဖြင့် ခရီးသွားလုပ်ငန်းကဏ္ဍကိုလည်း တိုးမြှင့်ဆောင်ရွက်သွားရန်ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် အိန္ဒိယနိုင်ငံအနေဖြင့် ကျန်းမာရေးဆိုင်ရာ ပတ်သက်သည့်လုပ်ငန်းများမြင့်မားသကဲ့သို့ ပညာရေးနှင့်ဆိုင်သည့် လုပ်ငန်းရပ်များသည်လည်း မြင့်မားသည်ကိုတွေ့ရှိရသဖြင့် ပညာရေးနှင့်ကျန်းမာရေးကဏ္ဍများတွင်လည်း လာရောက် ရင်းနှီးမြှုပ်နှံသွားနိုင်ရန်အခွင့်အလမ်းများရှိကြောင်း ပြောကြားသည်။
ဆက်လက်၍လည်း နိုင်ငံတော်သမ္မတက မြန်မာနိုင်ငံတွင် အိန္ဒိယနိုင်ငံ၏ရင်းနှီးမြှုပ်နှံမှုသည် အမေရိကန်ဒေါ်လာ ၉၄ ဘီလီယံကျော်ရှိပြီး မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုပြုလုပ်သည့် နိုင်ငံများတွင် ၁၁ နိုင်ငံမြောက်ရင်းနှီးမြှုပ်နှံမှု အများဆုံးဖြစ်သဖြင့် မိမိတို့နိုင်ငံတွင်လာရောက်၍ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုတိုးမြှင့်ဆောင်ရွက်နိုင်ရေးဖိတ်ခေါ်ကြောင်း၊ အထူးသဖြင့်စိုက်ပျိုးမွေးမြူရေးကဏ္ဍ၊ ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းကဏ္ဍ၊ စက်မှုကဏ္ဍ၊ သယ်ယူပို့ဆောင်ရေးကဏ္ဍ၊ ဆက်သွယ်ရေးနှင့်ဝန်ဆောင်မှုကဏ္ဍ စသည့်ကဏ္ဍများတွင် လာရောက်ရင်းနှီးမြှုပ်နှံနိုင်ကြောင်း။
သွင်းကုန်ပစ္စည်းများနှင့်ပတ်သက်၍လည်း ကုန်သွယ်မှုမြှင့်တင်သကဲ့သို့ မိမိတို့နိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံ၍ ကုန်ထုတ်လုပ်မှုများကို ဆောင်ရွက်နိုင်ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင်လည်း အချို့ထုတ်ကုန်ပစ္စည်းများကို မြန်မာနိုင်ငံဈေးကွက်သာမက အိမ်နီးနားချင်းနိုင်ငံများဖြစ်ကြသည့် လာအို၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား စသည့်နိုင်ငံများသို့ တင်ပို့ရောင်းချနိုင်ကြောင်း၊ အိန္ဒိယနိုင်ငံအနေဖြင့် သတင်းအချက်အလက်၊ ဒီဂျစ်တယ်နှင့် အဆင့်မြင့်နည်းပညာအခြေပြုကဏ္ဍတွင် ထိပ်တန်းနိုင်ငံတစ်နိုင်ငံအဖြစ် ရပ်တည်လျက်ရှိသည့် အိန္ဒိယနိုင်ငံမှ နည်းပညာမြင့်လုပ်ငန်းများကို မြန်မာနိုင်ငံမှာ လာရောက်ရင်းနှီးမြှုပ်နှံ လုပ်ကိုင်ရန်ဖိတ်ခေါ်လိုကြောင်း။
ဆေးဝါးကုသမှုနှင့်ပတ်သက်၍လည်း အိန္ဒိယနိုင်ငံသည် ဆေးဝါးထုတ်လုပ်မှုတွင် ကမ္ဘာ့ထိပ်တန်းနိုင်ငံဖြစ်ပြီး မြန်မာနိုင်ငံ၏ ဆေးဝါးသွင်းကုန်များကို အိန္ဒိယနိုင်ငံမှ အများဆုံးတင်သွင်းလျက်ရှိကြောင်း၊ ထို့ကြောင့် ဆေးဝါးထုတ်လုပ်မှုလုပ်ငန်းများကို မြန်မာနိုင်ငံ၌လာရောက်ဆောင်ရွက်နိုင်ကြောင်း၊ အလားတူ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဆိုင်ရာတွင်လည်း ကမ္ဘာ့ထိပ်တန်းနိုင်ငံများတွင်ပါဝင်သဖြင့် လျှပ်စစ်ဓာတ်အားလိုအပ်ချက်ရှိသည့် မိမိတို့နိုင်ငံတွင်ရင်းနှီးမြှုပ်နှံနိုင်ရန် အခွင့်အရေးများစွာ ရှိကြောင်း။
မိမိနှင့်အတူ အဖွဲ့ဝင်အဖြစ်လိုက်ပါလာသည့် ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများနှင့် အသေးစိတ်ထပ်မံဆွေးနွေးနိုင်ကြောင်း၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများနှင့်ပတ်သက်၍ မြန်မြန်ဆန်ဆန်ဆောင်ရွက်နိုင်သည့် အခွင့်အလမ်းများရရှိအောင် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းဖြင့် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးပြောကြားခဲ့သည်။
ထို့အတူ နှစ်ဖက်ပူးပေါင်းဆောင်ရွက်မှုများမြှင့်တင်နိုင်ခြင်းအားဖြင့် နှစ်နိုင်ငံ၏ ချစ်ကြည်ရင်းနှီးမှုများကို ပိုမိုခိုင်မာမှုကိုအထောက်အကူပြုမည်ဖြစ်သကဲ့သို့ သမိုင်းကြောင်းအရတည်ရှိခဲ့သည့် မိမိတို့နှစ်နိုင်ငံ၏ ရင်းနှီးမှုကိုလည်း ပိုမိုအားပေးရာရောက်မည်ဖြစ်ကြောင်း၊ မိမိတို့နှစ်နိုင်ငံ၏ သံတမန်ဆက်ဆံမှုသည် ၇၈ နှစ်တာကာလသို့ ရောက်ရှိခဲ့ပြီဖြစ်ပြီး ၂၀၂၈ ခုနှစ်တွင် နှစ် ၈၀ ပြည့်မြောက်မည်ဖြစ်ပြီး အဆိုပါ နှစ် (၈၀) ပြည့်သံတမန်ဆက်ဆံမှု အထိမ်းအမှတ်ကိုအားဖြည့်သည့်အနေဖြင့် နှစ်နိုင်ငံကုန်သွယ်ရေးလုပ်ငန်းများကို မြှင့်တင်ဆောင်ရွက်ပေးကြစေလိုကြောင်းဖြင့် ပြောကြားခဲ့သည်ဟု သိရသည်။