Myanmar Hard Talk
MHTNEWSဖွဲ့စည်းပုံအခြေခံဥပဒေကို ယနေ့အချိန်အခါနှင့် ကိုက်ညီသည့် ပြင်ဆင်မှုများ ဆောင်ရွက်သွားမည်ဖြစ်သော်လည်း တိုင်းပြည်အတွက် ထိခိုက်မည့်ကိစ္စရပ်များကို ကာကွယ်သွားရမည်ဟု နိုင်ငံတော်သမ္မတပြောကြား
𝙈𝙃𝙏𝙉𝙀𝙒𝙎《𝙈𝘼𝙔~𝟑𝟏》
ပြည်သူများ၏ ဆန္ဒနှင့်အညီ ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်ထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ယနေ့အချိန်အခါနှင့် ကိုက်ညီသည့် ပြင်ဆင်မှုများ ဆောင်ရွက်နိုင်ရန်အတွက် ဆွေးနွေးဆောင်ရွက်ပြီး လွှတ်တော်၏ သဘောတူညီချက်ဖြင့် ပြင်ဆင် ဆောင်ရွက်သွားရမည်ဖြစ်သော်လည်း တိုင်းပြည်အတွက် ထိခိုက်မည့် ကိစ္စရပ်များကို ကာကွယ်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း အိန္ဒိယနိုင်ငံသို့ တရားဝင်ခရီးစဉ် ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားသည်။
မေလ ၃၀ ရက်၊ ညနေပိုင်းက အိန္ဒိယနိုင်ငံဆိုင်ရာ သံရုံး၊ စစ်သံရုံး မိသားစုများ၊ ပညာတော်သင် သင်တန်းသားများအား အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံရုံး၌ တွေ့ဆုံအမှာစကားပြောကြားစဥ် ယခုလို ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
ဆက်လက်၍လည်း နိုင်ငံတော်သမ္မတက မိမိတို့နိုင်ငံ၏ ပညာရေးတွင် အားနည်းချက်များရှိနေကြောင်း၊ ထိုသို့ ပညာရေးအားနည်းမှုများကြောင့် အသိပညာ၊ အတတ်ပညာများ အားနည်းပြီး တစ်ဦးချင်း၏ ဘဝဖွံ့ဖြိုးတိုးတက်မှုအတွက် ဆောင်ရွက်နိုင်မှု အားနည်းနေသည်ကိုတွေ့ရကြောင်း၊ အချို့ပြည်ပနိုင်ငံများမှ အဖွဲ့အစည်းများအနေဖြင့် အဆိုပါပညာရေးအားနည်းမှုကို အသုံးချ၍ မိမိတို့နိုင်ငံအပေါ် ၎င်းတို့လိုချင်သည့် ပုံစံဖြစ်စေရေး သွေးထိုးလှုံ့ဆော်မှု များကို လုပ်ဆောင်ခဲ့ကြခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် နိုင်ငံတော်၏ ပညာရည်မြင့်မားရေးအတွက် စဉ်ဆက်မပြတ် ဦးစားပေးဆောင်ရွက်လျက်ရှိကြောင်း။
မိမိတို့နိုင်ငံ၏ စီးပွားရေးမှာ ခေတ်အဆက်ဆက်တွင် အားနည်းချက်များရှိခဲ့သည်ကို မှတ်တမ်းများအရသိရှိနိုင်ကြောင်း၊ ပြည်တွင်းကုန်ထုတ်လုပ်မှုများအားနည်း ခဲ့ပြီး ပြည်တွင်းသယံဇာတများကို ထုတ်ယူသုံးစွဲခြင်းများဖြင့် နိုင်ငံ့စီးပွားရေးကို ဆောင်ရွက်ခဲ့သည်ကိုတွေ့ရကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံတော်တာဝန်ကို တာဝန်ယူ ဆောင်ရွက်မည့် ငါးနှစ်တာကာလအတွင်း ပညာရေး၊ စီးပွားရေးနှင့် နိုင်ငံဖွံ့ဖြိုး တိုးတက် ရေးတို့အတွက် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများကို ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း။
မိမိတို့နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အိန္ဒိယနိုင်ငံတွင်လာရောက်တာဝန် ထမ်းဆောင်လျက်ရှိသည့် သံရုံး၊ စစ်သံရုံးမိသားစုများအနေဖြင့်မိမိတို့တတ်နိုင်သည့်ဘက်မှ ဝိုင်းဝန်းဆောင်ရွက်သွားကြစေလိုကြောင်း၊ ပြည်ပနိုင်ငံတွင်ရောက်ရှိ နေချိန် အတွင်းရရှိသည့်အားလပ်ချိန်များတွင် အင်္ဂလိပ်စာနှင့် ကွန်ပျူတာနည်းပညာ ပိုင်းဆိုင် ရာများကို တစ်ဦးချင်းလေ့လာဆောင်ရွက်သွားကြရန်လိုကြောင်း၊ နောင်တစ်ချိန်တွင် တိုင်းပြည်အတွက်စွမ်းဆောင် နိုင်သူများဖြစ်ရန် မျှော်လင့်ကြောင်း။
မြန်မာ-အိန္ဒိယနှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်နိုင်သည့် နယ်ပယ်များကို တတ်နိုင်သည့်ဘက်မှ အင်တိုက်အားတိုက်ပါဝင်ဆောင်ရွက်ကြစေလိုကြောင်း၊ ယခုကဲ့ သို့ ပြည်ပတွင်နေထိုင်ရချိန်ကာလအတွင်း နိုင်ငံ့ဝန်ထမ်းများဖြစ်ကြပြီး နိုင်ငံ့အတွက် ဆောင်ရွက်နေသည့်စိတ်ဖြင့် စည်းစည်းလုံးလုံးနေထိုင်သွားကြစေလိုကြောင်း၊ အိန္ဒိယ နိုင်ငံသည် ပူပြင်းသည့်ရာသီဥတုသို့ရောက်ရှိနေပြီဖြစ်သဖြင့် တစ်ဦးချင်း၏ ကျန်းမာရေးကို ဂရုစိုက်ဆောင်ရွက်သွားကြစေလိုကြောင်းဖြင့် မှာကြားပြီး လိုအပ်ချက်များကို မေးမြန်းဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ယင်းနောက် နိုင်ငံတော်သမ္မတ က သံရုံး၊ စစ်သံရုံး မိသားစုများ၊ ပညာတော်သင် သင်တန်းသား အရာရှိများအတွက် စားသောက်ဖွယ်ရာများနှင့် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ရာ သံအမတ်ကြီး၊ မြန်မာစစ်သံ(ကြည်း၊ ရေ၊ လေ)နှင့် ပညာတော်သင် သင်တန်းသားများက လက်ခံရယူကြသည်။
ထို့နောက် နိုင်ငံတော်သမ္မတ နှင့်အဖွဲ့ဝင်များသည် အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံရုံး၊ စစ်သံရုံး မိသားစုများက တည်ခင်းဧည့်ခံသည့် ညစာအား မိသားစု များနှင့်အတူတကွ သုံးဆောင်ခဲ့ကြသည်။
အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော်သမ္မတ နှင့်အတူ ခရီးစဉ်တွင် အဖွဲ့ဝင်အဖြစ် လိုက်ပါ သွားသည့် ပြည်ထောင်စုဝန်ကြီးများနှင့် အဖွဲ့ဝင်များ အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးဇော်ဦး နှင့်ဇနီး၊ မြန်မာစစ်သံ(ကြည်းရေလေ) ဗိုလ်မှူးချုပ် ဇော်မိုးလွင် နှင့်ဇနီး၊ သံရုံး၊ စစ်သံရုံး မိသားဝင်များ၊ ပညာတော်သင် သင်တန်းသားများနှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်ဟု သိရသည်။