Myanmar Hard Talk
MHTNEWSမြဝတီမြို့နယ်အတွင်းမှ ကျားဖြန့်လုပ်ငန်းများနှင့်ပတ်သက်သည့် ပြည်ပနိုင်ငံသား ၁၂ ဦး ထပ်မံဖမ်းမိ
𝙈𝙃𝙏𝙉𝙀𝙒𝙎《𝙈𝘼𝙔~𝟑𝟎》
ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်း၍ ကရင်ပြည်နယ်၊ မြဝတီမြို့ဝန်းကျင်ရှိ ဆိုဒ်များအတွင်းသို့ တရားမဝင် လမ်းကြောင်းမှတစ်ဆင့် ဝင်ရောက်နေခဲ့ပြီး ကျားဖြန့်လုပ်ငန်းများနှင့် ပတ်သက်ဆက်နွယ်သည့် ပြည်ပနိုင်ငံသား ၁၂ ဦးကို ထပ်မံဖမ်းမိခဲ့ကြောင်း သိရသည်။
အဆိုပါ ပြည်ပနိုင်ငံသား ၁၂ ဦးထဲတွင် အီသီယိုးပီးယားနိုင်ငံသား ၆ ဦး၊ အိန္ဒိယနိုင်ငံသား ၃ ဦး၊ တရုတ်နိုင်ငံသား ၂ ဦးနှင့် ကင်ညာနိုင်ငံသား ၁ ဦးပါဝင်သည်ဟုသိရပြီး ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်မှ ၂၀၂၆ ခုနှစ်၊ မေလ ၃၀ ရက်အထိ မြဝတီမြို့နယ်အတွင်းမှ ပြည်ပနိုင်ငံသား စုစုပေါင်း ၁၄၇၀၁ ဦး ထိန်းသိမ်းနိုင်ခဲ့ပြီးဖြစ်သည်။
၎င်းတို့အနက်မှ ၁၃၅၂၁ ဦးကို ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ ပြည်နှင်လွှဲပြောင်းပေးခဲ့ပြီး ၆၆၂ ဦးကို မြန်မာနိုင်ငံ လူဝင်မှု ကြီးကြပ်ရေး (လတ်တလော)ပြဌာန်းချက်များ အက်ဥပဒေပုဒ်မ ၃(၁)/၁၃(၁)နှင့် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အပြစ်ပေးအရေးယူထားသည်ဟုဆိုသည်။
ကျန်ရှိသည့် ပြည်ပနိုင်ငံသား ၅၁၈ ဦးတို့ကိုလည်း သက်ဆိုင်ရာ နိုင်ငံများသို့ လွှဲပြောင်းပေးရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်းနှင့် ၎င်းတို့ကို ကောင်းမွန်စွာ ထိန်းသိမ်း စောင့်ရှောက်ထားရှိကြောင်း သိရသည်။