Myanmar Hard Talk

Myanmar Hard Talk

MHTNEWS

ရွှေတိဂုံစေတီတော်၌ မဟာသမယအခါတော်နေ့ မင်္ဂလာအခမ်းအနားကျင်းပ


𝙈𝙃𝙏𝙉𝙀𝙒𝙎《𝙈𝘼𝙔~𝟑𝟎》


ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က ကြီးမှူးကျင်းပသော နယုန်လပြည့် (မဟာသမယအခါတော်နေ့) မင်္ဂလာအခမ်းအနားကို ယနေ့ မေ ၃၀ ရက် နံနက်ပိုင်းက ရွှေတိဂုံစေတီတော်မြတ်ကြီး ရင်ပြင်တော်၌ ကျင်းပပြုလုပ်ခဲ့သည်ဟု သိရသည်။


ယနေ့နံနက် ၅ နာရီတွင် ရွှေတိဂုံစေတီတော်မြတ်ကြီးအား ဆွမ်းတော်ကြီး ဆက်ကပ်လှူဒါန်းပွဲကို စေတီတော်ရင်ပြင်ရှိ ဧည့်ခံတန်ဆောင်း၌ ကျင်းပခဲ့သလို ရောင်တော်ဖွင့်တန်ဆောင်း၌ ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ ဩဝါဒါစရိယဆရာတော်ကြီးများနှင့် ပင့်သံဃာတော်များအား အာရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ကြသည်။


အလားတူ ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များတန်‌ဆောင်းတွင် အခမ်းအနားကိုကျင်းပရာ မဟာသမယအခါတော်နေ့ ကျင်းပရေးကော်မတီဥက္ကဋ္ဌ၊ ရွှေတိဂုံစေတီတော် ဘဏ္ဍာတော် ထိန်းဂေါပကအဖွဲ့ အလှည့်ကျသဘာပတိ ဦးမင်းလွင် က ဇယမင်္ဂလာအနုမောဒနာစာတမ်းကိုဖတ်ကြားလျှောက်ထားသည်။ 


ယင်းနောက် ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဩဝါဒါစရိယ၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင်၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ သာသနဓဇဓမ္မာစရိယ ဘဒ္ဒန္တ ကဥ္ဇန ထံမှ နဝင်္ဂသီလ ခံယူဆောက်တည်ကြသည်။


ထို့နောက် ဘဏ္ဍာတော် ထိန်းဂေါပကအဖွဲ့ဝင်များက ဩဝါဒါစရိယ ဆရာတော်ကြီးနှင့် ပင့်သံဃာ့တော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကာ ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့၏ ဩဝါဒါစရိယ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒွိပိဋကဓရပါဠိပါရဂူ ရွှေပြည်သာကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တနာဂိတထံမှ အနုမောဒနာတရားနာကြားပြီး လှူဒါန်းမှုစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။


နယုန်လပြည့် မဟာသမယအခါတော်နေ့ လှည့်လည်ပူဇော်ပွဲအခမ်းအနားကိုကျင်းပရာတွင် မဟာသမယအခါတော်နေ့ ဖြစ်ပေါ်လာပုံကိုဖော်ကျူးသောအားဖြင့် ဗုဒ္ဓဝေယျာဝစ္စအသင်းအဖွဲ့များက ကပိလဝတ်နှင့် ကောလိယ နှစ်ပြည်ထောင်ကိုယ်စားပြု မင်း၊ မူးမတ်၊ အဆောင်အယောင်များဖြင့် ရာဇာ၀င်းခင်းကာဂေါပကအဖွဲ့၀င်များ၊ ဗုဒ္ဓဝေယျာဝစ္စအကျိုးဆောင်များအဖွဲ့နှင့်ရွှေတိဂုံစေတီတော်မြတ်ကြီးသို့လာရောက်ဖူးမြော်ကြည်ညိုကြသည့်ဘုရားဖူးပြည်သူများက ရွှေတိဂုံစေတီတော်မြတ်ကြီးအားလက်ယာရစ်တစ်ပတ်လှည့်လည်ပူဇော်ကြပြီး ချမ်းသာကြီးတန်ဆောင်းတွင် စိန်ရောင်ခြည်ဘုရားပင့် ဂါထာဖြင့် ဘုရားရှင်ကို ပင့်လျှောက်ထားခြင်း၊နတ် ဗြဟ္မာများကို ဖိတ်ကြားခြင်း၊ရွှေတိဂုံဘုရားရှိခိုးဂါထာတော်ဖြင့် ရှိခိုးပူဇော်ခြင်း၊ မဟာသမယသုတ်ပါဠိတော်ကို စုပေါင်းရွတ်ဖတ်ပူဇော်ခြင်း၊ ဆုတောင်း, အမျှဝေ, သာဓုခေါ်ဆိုခြင်း၊ နတ် ဗြဟ္မာများကို ပြန်လည်ပို့ဆောင်ခြင်းတို့ပြုလုပ်ကြပြီး ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်ဟု သိရသည်။

Report Page