Myanmar Hard Talk
MHTNEWS❝လွှတ်တော်ကိုယ်စားလှယ်များ နိုင်ငံပိုင်သတင်းစာဖတ်ဖို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌတိုက်တွန်း❞
≋မိမိတို့လက်ထက်တွင် ပိုမိုကောင်းမွန်သည့် လွှတ်တော်များဖြစ်လာစေရေး ဆောင်ရွက်သွားရမည်ဟုဆို≋
𝙈𝙃𝙏𝙉𝙀𝙒𝙎《𝙈𝘼𝙔~𝟐𝟕》
လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ဥပဒေပြုရေးလုပ်ငန်းများကို အထောက်အကူပြုနိုင်စေရန်အတွက် အစိုးရ၏မူဝါဒသိရှိနိုင်ရန် နိုင်ငံပိုင်သတင်းစာများ၊ မျက်မှောက်ခေတ် နိုင်ငံတကာသတင်းများကို မျက်ချေမပြတ် လေ့လာကြရမည်ဟု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီက တိုက်တွန်းပြောကြားသည်။
မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအား မေလ ၂၆ ရက်၊ မွန်းလွဲပိုင်းက မန္တလေးတိုင်းဒေသကြီး လွှတ်တော်ရုံး သဘင်ဆောင်၌တွေ့ဆုံစဥ် ပြောကြားခဲ့ခြင်းဖြစ်ပြီး လွှတ်တော်ကိုယ်စားလှယ်များကလည်း ပါတီစွဲ၊ လူမျိုးစွဲ၊ ဝါဒစွဲမထားဘဲ နိုင်ငံတော်နှင့် နိုင်ငံသားအကျိုးကိုရှေးရှုပြီးဆောင် ရွက်ရမည်ဖြစ်ကြောင်းနှင့် မိမိတို့လက်ထက်တွင် ပိုမိုကောင်းမွန်သည့် လွှတ်တော်များဖြစ်လာစေရေး ဆောင်ရွက်သွားရမည်ဟုဆိုသည်။
အလားတူ ပြည်သူလူထု၏အခက်အခဲများကို ဖြည့်ဆည်းဆောင်ရွက်ပေးသော ကိုယ်စားလှယ်များဖြစ်ရန်နှင့် ပြည်သူလူထုက ယုံကြည်ထိုက်သူများဖြစ်ရန် ကြိုးစားသွားဖို့ တိုက်တွန်းပြောကြားခဲ့သလို မိမိတို့လွှတ်တော်သည် ထူးထူးခြားခြား ပြည်သူ့အကျိုးပြုသည့် လွှတ်တော်ဖြစ်စေလိုကြောင်း ပြောကြားသည်။
ထို့ပြင် ယခုကျင်းပမည့် ဒုတိယပုံမှန်အစည်းအဝေးတွင် လိုင်းလိမ်လည်မှု တိုက်ဖျက်ရေးဥပဒေမူကြမ်းကို ဥပဒေအဖြစ်ပြဋ္ဌာန်းနိုင်ရေး ဦးစားပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် မေးခွန်းများ တင်သွင်းမေးမြန်းရာတွင် ပြည်သူများ၏ အမှန်တကယ်လိုအပ်သည်များကို တင်သွင်းမေးမြန်းရန် လိုအပ်ကြောင်း ပြောကြားသည်။
ထို့အတူ လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် မိမိတို့ မဲဆန္ဒနယ်မြေအကြောင်းနှင့် မဲဆန္ဒရှင်ပြည်သူများ၏ ဆန္ဒကိုအသေးစိတ်သိရှိမှသာ ပြည်သူများ၏ လိုအပ်ချက်များကို လွှတ်တော်တွင် အချိန်နှင့် တစ်ပြေးညီတင်ပြ၍ ဖော်ဆောင်ပေးနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သလို လွှတ်တော်နှင့်အစိုးရ လက်တွဲညီညီ ပူးပေါင်းဆောင်ရွက်နိုင်မှသာ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူလူထု လိုအပ်ချက်များကို အမှန်တကယ်ဖော်ဆောင်ပေးနိုင်မည်ဖြစ်ကြောင်းဖြင့် ပြောကြားခဲ့သည်ဟု သိရသည်။