Myanmar Hard Talk
MHTNEWS❝ရွှေကုက္ကိုလ်နယ်မြေအတွင်းရှိ ကျားဖြန့်အဆောက်အအုံ ၃ လုံးကို ထပ်မံဖြိုချဖျက်ဆီး❞
𝙈𝙃𝙏𝙉𝙀𝙒𝙎《𝙈𝘼𝙔~𝟐𝟕》
မြဝတီဒေသ၊ ရွှေကုက္ကိုလ်နယ်မြေအတွင်းရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင် အသုံးပြုသည့် တရားမဝင်အဆောက်အအုံ ၃ လုံးကို မေလ ၂၆ ရက်နေ့က စနစ်တကျထပ်မံဖြိုချဖျက်ဆီးလိုက်ကြောင်း အစိုးရထုတ်ပြန်သောသတင်းအရ သိရသည်။
အဆိုပါ ရွှေကုက္ကိုလ်နယ်မြေအတွင်း၌ အွန်လိုင်းလိမ်လည်လောင်းကစားလုပ်ငန်း များ လုပ်ကိုင်ခြင်းမရှိစေရေး တရားမဝင်အဆောက်အအုံ ၃၂၂ လုံးကို ဝင်ရောက်ရှာဖွေ စစ်ဆေးခဲ့ရာ အွန်လိုင်းလိမ်လည်လောင်းကစားလုပ်ငန်းလုပ်ကိုင်ရာတွင် အသုံးပြုသည့် အဆောက်အအုံ ၇၇ လုံးကို စစ်ဆေးဖော်ထုတ်နိုင်ခဲ့ခြင်းဖြစ်သည်။
၎င်းအဆောက်အအုံများကို ချိတ်ပိတ်၍ ဖြိုချဖျက်ဆီးနိုင်ရေး အဆောက်အဦအမျိုးအစားအလိုက် ပထမဆင့် ယာဉ်ယန္တရားဖြင့် ဖြိုချဖျက်ဆီးမည့် အဆောက်အအုံ ၅၇ လုံး၊ ဒုတိယအဆင့် ဖောက်ခွဲ၍ဖျက်ဆီးမည့် အဆောက်အအုံ ၂၀ လုံးကို အဆင့် ၂ ဆင့်ဖြင့် ခွဲခြားသတ်မှတ်၍ စနစ်တကျဖြိုချ ဖျက်ဆီးခြင်းများဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ အဆောက်အအုံ ၇၇ လုံး အနက် ၄ ထပ် လူနေအဆောက်အအုံ ၃ လုံးကို ယမန်နေ့က ယာဉ်၊ ယန္တရားများအသုံးပြု၍ စနစ်တကျ ထပ်မံဖြိုချဖျက်ဆီးခဲ့သလို မေလ ၂၅ ရက်နေ့ကလည်း ၄ ထပ် အဆောက်အအုံ ၂ လုံးနှင့် ယခင် ၁၃ ထပ် အဆောက်အအုံ ၁ လုံး ကို ဖျက်ဆီးပြီးဖြစ်သဖြင့် စုစုပေါင်းအဆောက်အအုံ ၆ လုံးကို ဖြိုချဖျက်ဆီးပြီးဖြစ်ကြောင်း သိရသည်။
ယခုအခါ တရားမဝင်အဆောက်အအုံ ၇၇ လုံးအနက် ဖြိုချဖျက်ဆီးရန် တရားမဝင်အဆောက်အအုံ ၇၁ လုံးကျန်ရှိနေသေးပြီး ၎င်းအဆောက်အအုံများကို ဆက်လက်၍ စနစ်တကျဖြိုချဖျက်ဆီးသွားမည်ဖြစ်ကြောင်းလည်း သိရှိရသည်။