Myanmar Hard Talk
MHTNEWS❝ကိုရီးယားနိုင်ငံ၌ပြုလုပ်သည့် ဗုဒ္ဓမွေးနေ့အခမ်းအနားသို့ မြန်မာနိုင်ငံမှ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်တက်ရောက်ပူဇော်၍ မိန့်မှာစကားမြွတ်ကြား❞
𝙈𝙃𝙏𝙉𝙀𝙒𝙎《𝙈𝘼𝙔~𝟐𝟔》
နှစ်ပေါင်း (၁,၂၀၀) ကျော် သက်တမ်းရှိသော ကိုရီးယားနိုင်ငံ၊ ဆိုလ်းမြို့ရှိ ရှေးဟောင်း ဗုဒ္ဓဘာသာဘုန်းကြီးကျောင်း Bongeunsa Temple ၌ ဗုဒ္ဓမွေးနေ့အထိမ်းအမှတ်အဖြစ် ကျင်းပပြုလုပ်သည့် “50 Years of Gratitude & Friendship, 100 Years of Mercy” အခမ်းအနားသို့မြန်မာနိုင်ငံမှ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော် ဒေါက်တာ ဘဒ္ဒန္တ စန္ဒိမာဘိဝံသတက်ရောက်ပူဇော်၍ ကိုရီးယားသမ္မတနိုင်ငံ၊ သံဃနာယကအဖွဲ့ခေါင်းဆောင် ဆရာတော်နှင့်အတူ ဂုဏ်ပြုမိန့်မှာစကား မြွတ်ကြားခဲ့သည်ဟု သိရသည်။
အဆိုပါ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော် ဒေါက်တာ ဘဒ္ဒန္တစန္ဒိမာဘိဝံသသည် မြန်မာကိုယ်စားလှယ်အဖွဲ့နှင့်အတူ မြန်မာသံရုံးယာယီတာဝန်ခံ/သံအမတ်ကြီး ဦးမျိုးမြင့်မောင် လိုက်ပါ၍ ၂၀၂၆ ခုနှစ်၊ မေလ ၂၄ ရက် နေ့၊ နံနက်ပိုင်းတွင် ကိုရီးယားသမ္မတနိုင်ငံ၏ သံဃနာယကအဖွဲ့ခေါင်းဆောင် ဆရာတော် ဖြစ်သည့် Bongeunsa Temple ၏ ကျောင်းထိုင်ဆရာတော် Venerable Wong-myeong အား တွေ့ဆုံနှုတ်ဆက်ပြီး ဓမ္မလက်ဆောင်များ အပြန်အလှန်ဖလှယ်ခဲ့ကြသည်။
အခမ်းအနားတွင် တရားဓမ္မများ ရွတ်ဆိုခြင်း၊ ဆီမီး ထွန်းညှိခြင်း၊ သာသနာတော်ဆိုင်ရာဆုတံဆိပ်များ ပေးအပ်ခြင်း၊ ဆရာတော်များနှင့် ဗုဒ္ဓ ဘာသာဆိုင်ရာ အဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များက ပူဇော်စကားပြောကြားခြင်း၊ ဗုဒ္ဓမွေးနေ့ အထိမ်းအမှတ် ဆုမွန်ကောင်းတောင်းခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပြီး ညနေပိုင်းတွင် ဆရာတော်ကြီးနှင့် ကိုယ်စားလှယ်အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတ နိုင်ငံသို့ ဆက်လက် ထွက်ခွာခဲ့ရာ အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်၌ မြန်မာ သံရုံးယာယီ တာဝန်ခံ/သံအမတ်ကြီးနှင့် မြန်မာသံရုံးဝန်ထမ်းများက လိုက်ပါပို့ဆောင်ခဲ့ကြသည်။
ဗုဒ္ဓမွေးနေ့အခမ်းအနားကျင်းပခဲ့သည့် Bongeunsa Temple သည် ဆိုးလ်မြို့၊ Gangnam ခရိုင်၌ တည်ရှိပြီး ကိုရီးယားနိုင်ငံ၏ အကြီးဆုံးသော မတ်ရပ်ကျောက်ဆင်းတုတော်ကြီးနှင့် ရှေးဟောင်းသစ်သား ဘုန်းကြီး ကျောင်းဆောင်များရှိကာ ကိုရီးယားရိုးရာဗုဒ္ဓဘာသာ ယဉ်ကျေးမှုဓလေ့များကို လေ့လာနိုင်သည့်နေရာတစ်ခုအဖြစ် ထင်ရှားသလို နှစ်စဉ် မေလတွင် ဗုဒ္ဓမွေးနေ့ကို ဂုဏ်ပြုသောအားဖြင့် UNESCO ၏ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်အဖြစ် စာရင်းဝင်သည့် မီးထွန်းပွဲတော်ကိုလည်း စည်ကားသိုက်မြိုက်စွာ ကျင်းပလေ့ရှိကြောင်း သိရှိရသည်။