Myanmar Hard Talk

Myanmar Hard Talk

MHTNEWS

❝ငယ်ရွယ်နုပျိုစဉ်ကတည်းက စာရိတ္တမဏ္ဍိုင်ကို ခိုင်ခိုင်မာမာတည်ဆောက်သွားကြရန်,လူငယ်များကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တိုက်တွန်း❞


𝙈𝙃𝙏𝙉𝙀𝙒𝙎《𝙈𝘼𝙔~𝟐𝟔》


လူတော်ဖြစ်စေရန်အတွက် အသိပညာ၊ အတတ်ပညာများ လိုအပ်သလို လူကောင်းဖြစ်စေရန်အတွက်လည်း စာရိတ္တအခြေခံကောင်းများ ပိုင်ဆိုင်ထားရန်လိုအပ်သဖြင့် လူငယ်မောင်မယ်တို့အနေဖြင့် ယခုလိုငယ်ရွယ်နုပျိုစဉ်ကတည်းက စာရိတ္တမဏ္ဍိုင်ကို ခိုင်ခိုင်မာမာတည်ဆောက်သွားကြရန် တိုက်တွန်းလိုကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးက ပြောကြားသည်။


မေလ ၂၅ ရက်၊ နံနက်ပိုင်းက အခြေခံနှင့်တန်းမြင့် ရေကြောင်းလူငယ်သင်တန်းအမှတ်စဉ်(၁/၂၀၂၆)၊ အခြေခံလေကြောင်းလူငယ်သင်တန်းအမှတ်စဉ်(၁၀)နှင့် တန်းမြင့်လေကြောင်းလူငယ်သင်တန်းအမှတ်စဉ်(၉)တို့မှ သင်တန်းသား၊ သင်တန်းသူများနှင့် အုပ်ချုပ်သူနည်းပြများအား နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်၌ တွေ့ဆုံအမှာစကားပြောကြားစဥ် တိုက်တွန်းပြောကြားခဲ့ခြင်းဖြစ်သည်။


အလားတူ စာရိတ္တကောင်းမွန်ရန်အတွက် လူငယ်မောင်မယ်တို့သည် သီလကောင်းသည့် လူငယ်များဖြစ်ရန်လိုကြောင်းနှင့် သီလကောင်းမွန်ပြီး အတ္တနှင့်ပရကို မျှတအောင် နေထိုင်ကျင့်ကြံဆောင်ရွက်နိုင်မှသာ စာရိတ္တမဏ္ဍိုင်၏ အခြေခံခိုင်မာမှုကို စတင်တည်ဆောက်နိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။

 

ထို့ပြင် လူငယ်မောင်မယ်တို့အနေဖြင့် စာရိတ္တမဏ္ဍိုင်ကို ခိုင်မာအောင် တည်ဆောက်နိုင်ပြီဆိုပါက“ပညာပြည့်ဝနှလုံးလှ” သည့်အပြင် “စွမ်းအားလည်းညီခေတ်လည်းမီ”သည့် မျိုးဆက်သစ်များအဖြစ် အနာဂတ်နိုင်ငံတော်တွင် တစ်ပြိုင်တည်း ထွန်းတောက်လာကြမည်ဖြစ်ကြောင်း၊ နိုင်ငံတော်၏ မျိုးဆက်သစ်များဖြစ်သည့် လူငယ်မောင်မယ်တို့ နှလုံးသားတွင် မျိုးချစ်စိတ်၊ တိုင်းပြည်ချစ်စိတ်တို့သည် အမြဲရှင်သန်နိုးကြားနေရန်လည်း လိုအပ်ကြောင်း ပြောကြားသည်။

 

ဆက်လက်၍လည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က လူငယ်မောင်မယ်တို့အနေဖြင့် မျိုးချစ်စိတ်၊ တိုင်းပြည်ချစ်စိတ် အပြည့်အဝရှိသည့် မျိုးဆက်သစ်များပီပီ နောင်အနာဂတ်မှာ နိုင်ငံတော်ရဲ့တာဝန်တွေကို ပခုံးပြောင်းထမ်းဆောင်နိုင်သူများဖြစ်အောင် စတင်ကြိုးစားလျှောက်လှမ်းသွားကြရန် လေးလေးနက်နက် တိုက်တွန်းပြောကြားလိုကြောင်း။

 

စာပေသည် လူသားတို့၏နှလုံးသားကို သွန်သင်ဆုံးမပေးနိုင်သည့် ဆရာတစ်ဆူဖြစ်သကဲ့သို့ ဘဝများကို ထိန်းကျောင်းပြုပြင်ပေးနိုင်သည့် မိတ်ဆွေအရင်းအချာတစ်ဦးပမာ တွေ့မြင်ရမည်ဖြစ်ကြောင်း၊ စာပေဖတ်ရှုသည့်နေရာတွင်လည်း မိမိနှလုံးသား၊ မိမိဘဝ၊ မိမိလူမျိုး၊ မိမိနိုင်ငံအတွက် နှလုံးအာဟာရကောင်းများ ပေးစွမ်းနိုင်သည့် အကျိုးပြုစာပေများကို ရွေးချယ်ဖတ်ရှုကြရန်လိုအပ်ကြောင်း။


ယနေ့ Social Media အင်အားကြီးထွားလာမှုအပိုင်းတွင် အဆိပ်သင့်စာပေများသည် နေရာအနှံ့ကနေ ပျံ့နှံ့စိမ့်ဝင်နေသည်ကို မျက်ဝါးထင်ထင်တွေ့မြင်နေရကြောင်း၊ မျိုးဆက်သစ်လူငယ်များသည် စာအုပ်စာပေများနှင့် တဖြည်းဖြည်းဝေးကွာလာခဲ့ကြပြီး Social Media များနှင့် ပိုမိုနီးစပ်သွား ကြသည့်အတွက် Social Media တွေကတစ်ဆင့် အဆိပ်သင့်သတင်းများ၊ အဆိပ်သင့်စာပေများသည် မျိုးဆက်သစ်လူငယ်များ၏ နှလုံးသားနှင့်အသိတရားကို အင်အားကြီးမားစွာဖြင့် ချေမွှဖျက်ဆီးပစ်နိုင်သည်ကိုလည်း လူငယ်များအားလုံး သတိပြုဆင်ခြင်ကြရန်လိုအပ်ကြောင်း။

 

ယနေ့ခေတ် လူငယ်မောင်မယ်တို့ကြားတွင် စာဖတ်သည့် အလေ့အထကောင်းများ ရှားပါးလာသည်ကို တွေ့မြင်လာရကြောင်း၊ စာဖတ်သည့် အလေ့အထကောင်းများရရှိစေရန်အတွက် လူငယ်မောင်မယ်တို့သည် စာပုံမှန်ဖတ်ဖြစ်သည့် အလေ့အကျင့်တစ်ခုကိုစတင်ပျိုးထောင်သွားကြရန်လိုကြောင်း၊ အကျိုးပြုစာပေမျိုးစုံကို ဖတ်ရှုလေ့လာနိုင်လာသည်နှင့်အမျှ မိမိနှစ်သက်စိတ်ဝင်စားရာ စာပေအမျိုးအစားကို မိမိနှလုံးသားက ပိုင်းခြားဆုံးဖြတ်ပေးသွားခြင်းဖြစ်ကြောင်း။

 

ပညာပြည့်ဝသည့် လူသားတစ်ယောက်၏ စိတ်နှလုံးသားသည် အရာရာကိုမှန်မှန်ကန်ကန်နှင့် ရှုမြင်ပိုင်းခြားဆုံးဖြတ်ဆောင်ရွက်နိုင်စွမ်းရှိကြသည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် လူငယ်မောင်မယ်တို့အနေဖြင့် ပညာဆိုသည့် အဖော်မွန်ကိုလက်တွဲပြီး နိုင်ငံတော်ကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်နိုင်မည့် နောင်ဝယ်လူကြီးများဖြစ်အာင် ကြိုးစားကျင့်ကြံသွားကြရန်မှာကြားလိုကြောင်း။

 

အမိမြေကို ကာကွယ်စောင့်ရှောက်နိုင်ရန် ယခုအရွယ်ကတည်းကစတင်ပြီး မိမိကိုယ်ကို ကောင်းအောင်ကြိုးစားသွားကြရန်၊ မိမိဘဝကိုပညာနှင့်အဖော်ပြုပြီး ကောင်းအောင်တည်ဆောက်ကြရန်၊ မိမိတို့ဘဝတစ်လျှောက် ကြုံတွေ့လာခဲ့ရသည့်အတွေ့အကြုံများစွာထဲက ကောင်းသည့်အချက်များကိုဆောင်ပြီး မကောင်းသည့်အချက်များကို ရှောင်ရှားကာ မိဘများက ဂုဏ်ယူရသော၊ နိုင်ငံတော်ကအားထားရသော “စွမ်းအားလည်းညီခေတ်လည်းမီ” သည့် နောင်ဝယ်လူကြီးများဖြစ်ကြပါစေကြောင်းဖြင့် ပြောကြားခဲ့သည်ဟု သိရသည်။

Report Page