Myanmar Hard Talk
MHTNEWS❝မွေးမြူရေးလုပ်ငန်းများမှ ထွက်ရှိလာသည့် အညစ်အကြေးများကိုသိုလှောင်၍ ဇီဝဓာတ်ငွေ့ဖြင့် လျှပ်စစ်မီးထုတ်လုပ်သုံးစွဲမှုစနစ် (Biogas Generator System) ဆောင်ရွက်နိုင်❞
𝙈𝙃𝙏𝙉𝙀𝙒𝙎《𝙈𝘼𝙔~𝟐𝟓》
မွေးမြူရေးလုပ်ငန်းများမှ ထွက်ရှိလာသည့် အညစ်အကြေးများကြောင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုမရှိစေရေးနှင့် လျှပ်စစ်ဓာတ်အားခ သက်သာစေရေးအတွက် အညစ်အကြေးကို ပြန်လည်သိုလှောင်၍ ဇီဝဓာတ်ငွေ့ဖြင့် လျှပ်စစ်မီးထုတ်လုပ်သုံးစွဲမှုစနစ် (Biogas Generator System)ကိုလည်း ဆောင်ရွက်၍ရနိုင်ကြောင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားသည်။
မေလ ၂၄ ရက်နေ့က တပ်ကုန်းမြို့နယ်၊ အမှတ် (၁) ကံကြီးမွေးမြူရေးဇုန်အတွင်းရှိ ဦးတွမ်ခင်ဝင်း ၏ ဖန်ဟွ နို့စားနွားမွေးမြူရေးခြံသို့ ရောက်ရှိစဥ် ပြောကြားခဲ့ခြင်းဖြစ်ပြီး နို့စားနွားမွေးမြူခြင်းပုံစံနှင့် ပတ်သက်၍ ပြည်ပနိုင်ငံများမှ မွေးမြူခြင်းပုံစံများကိုလည်း လေ့လာသွားကြရန်လိုသလို အစာကျွေးမွေးမှုစနစ်၊ အညစ်အကြေးသိမ်းဆည်းမှုစနစ်များကိုလည်း လေ့လာဆောင်ရွက်သွားရန်လိုကြောင်း ပြောကြားသည်။
အလားတူ အစာထုတ်လုပ်မှုနှင့်ပတ်သက်၍လည်း နေဗီယာမြက်များ၊ ဒေသတွင်းမှ ထွက်ရှိသည့် ပြောင်းများကို ရောစပ်အစာပြုလုပ်ခြင်း၊ ချဉ်ဖတ်လုပ်၍ ကျွေးမွေးခြင်းတို့ကို ဆောင်ရွက်နိုင်ကြောင်းနှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။
ထို့နောက် ဦးမြတ်စံ၏ ကြက်မွေးမြူရေးခြံသို့ ရောက်ရှိရာတွင်လည်းလုပ်ငန်းဆောင်ရွက်မှုများကို အဆင့်ဆင့် အဆင့်မြှင့်တင်သွားရန်လိုပြီး အလိုအလျောက်အစာကျွေး၊ ရေတိုက်၊ ဥသိမ်းဆည်းခြင်းစနစ်တို့ကို ဆောင်ရွက်သွားနိုင်ကြောင်း၊ ဥစားကြက်မွေးမြူခြင်းသည် စားရေရိက္ခာပေါများစေခြင်းနှင့် ဈေးနှုန်းသက်သာစွာဖြင့် အာဟာရပြည့်မီစွာစားသုံးနိုင် စေခြင်းတို့ကို အထောက်အကူဖြစ်စေကြောင်း။
ကြက်ဥတစ်လုံးစားသုံးခြင်း၏ အစာအာဟာရရရှိမှုသည် ကြက်သား ၅ ကျပ်သားစားသုံးခြင်း၏ အာဟာရနှင့်ညီမျှသည် ဖြစ်ပြီး ကုန်ကျစရိတ်အနေဖြင့်လည်း သုံးပုံတစ်ပုံခန့်သက်သာစေကြောင်း၊ ထို့ကြောင့် လုပ်ငန်းဆောင်ရွက်မှုများကို အောင်မြင်အောင်ဆောင်ရွက်သွားရန်နှင့်တိုးချဲ့ ဆောင် ရွက်သွားရန် တိုက်တွန်းလိုကြောင်း၊ ကြက်ခြံများအပူရှိန်သက်သာစေရေးအတွက် အမိုးနေရာတွင် အုတ်ကြွပ်များကိုလည်းပြောင်းလဲ အသုံးပြုနိုင်ကြောင်းနှင့် အခြား လိုအပ်သည်များကို အကြံပြုတိုက်တွန်းပြောကြားသည်။
ယင်းနောက် နိုင်ငံတော်သမ္မတသည် ဦးတင်မြိုင် ၏ အသားတိုးဝက်ခြံသို့ ရောက် ရှိပြီး လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်နေမှုအခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူတစ်ဦးက လိုက်လံရှင်းလင်းတင်ပြပြီး နိုင်ငံတော်သမ္မတက သိရှိလိုသည်များနှင့် လိုအပ်သည်များ ပြန်လည်အကြံပြုမှာကြားသည်။
ထို့နောက်ရှင်းလင်းဆောင်ခန်းမတွင်နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်း က နေပြည်တော်ကောင်စီနယ်မြေအတွင်း၌ ကံကြီးမွေးမြူရေးဇုန်၊ ရွှေမြို့မွေးမြူရေး ဇုန်၊ ပြောင်ခေါင်းကြီး မွေးမြူရေးဇုန် တို့အား အကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိမှု၊ ဇုန်အလိုက်မွေးမြူရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိမှု၊ သတ်မှတ်ကောင်ရေ ပြည့်မီအောင်မွေးမြူနိုင်ရေး၊ ကူးစက်ရောဂါဖြစ်ပွားမှုမရှိစေရေး ကြီးကြပ်ဆောင်ရွက် လျက်ရှိမှု၊ မေထုန်မဲ့နည်းဖြင့် မျိုးမြှင့်ဆောင်ရွက်ပေးလျက်ရှိမှုနှင့် ဆက်လက်ဆောင် ရွက်သွားမည့် အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်သမ္မတက တစ်နိုင်ငံလုံး အတိုင်းအတာ ဖြင့် မွေးမြူရေးဇုန်များအကောင်အထည်ဖော်ဆောင်ရွက်စေခြင်းသည် အသား၊ ငါးများ နှင့် ဥအမျိုးမျိုးတို့အား ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစားသုံးနိုင်စေရန်၊ စားရေရိက္ခာ ဖူလုံပေါများစေရန် ရည်ရွယ်ဆောင်ရွက်စေခြင်းဖြစ်ကြောင်း၊ လုပ်ငန်းများဆောင်ရွက် ရန် မြေနေရာရယူထားကြသည့်လုပ်ငန်းရှင်များအနေဖြင့်လည်း လုပ်ငန်းများအောင် မြင်အောင် ဆောင်ရွက်သွားကြရန်လိုကြောင်း၊ သိပ္ပံနည်းကျခေတ်မီမွေးမြူရေးစနစ်သို့ မလျှောက်လှမ်းနိုင်မီ စနစ်ကျနသည့် မွေးမြူရေးစနစ်ကို ဦးစွာကျင့်သုံးဆောင်ရွက်သွား ကြရန်လိုကြောင်း၊ ယခုမွေးမြူရေးလုပ်ငန်းများသည် တိရစ္ဆာန်များအား ခြံများအတွင်း လှောင်၍ မွေးမြူကြသည်ဖြစ်သဖြင့် သန့်ရှင်းသပ်ရပ်သည့် အစာကျွေးမွေးမှုစနစ်၊ ကျန်းမာရေးစောင့်ရှောက်မှုစနစ်တို့ကို ဦးစွာ အကောင်အထည်ဖော်ဆောင်ကြရန်လို ကြောင်း။
မွေးမြူရေးစနစ်များတွင် လွှတ်ခြင်း၊ လှန်ခြင်း၊ လှောင်ခြင်းဟူ၍ရှိကြောင်း၊ စား ကျက်များအတွင်း လွှတ်၍မွေးမြူခြင်းဖြင့် စားရိတ်သက်သာကြောင်း၊ ကြိုးဖြင့်ချည်၍ လှန်ကျောင်းသည့်စနစ်ဖြင့် မွေးမြူခြင်းသည်လည်း အထိုက်အလျောက်အားဖြင့် စရိတ် သက်သာမှုရှိကြောင်း၊ လှောင်၍မွေးမြူခြင်းမှာ စရိတ်ကုန်ကျမှုရှိသော်လည်း စနစ် တကျမွေးမြူမည်ဆိုပါက အောင်မြင်သည့်မွေးမြူရေးလုပ်ငန်းတစ်ခုအဖြစ် ဆောင်ရွက် နိုင်မည်ဖြစ်ကြောင်း၊ ယခုကံကြီးမွေးမြူရေးဇုန်၊ ရွှေမြို့မွေးမြူရေး ဇုန်၊ ပြောင်ခေါင်းကြီး မွေးမြူရေးဇုန် မြေနေရာများသည် တိရိစ္ဆာန်အစာများပေါများစွာ ရရှိနိုင်သည်ဖြစ်သဖြင့်မွေးမြူရေးဇုန်များ သတ်မှတ်မွေးမြူစေခြင်းဖြစ်ပြီး လုပ်ငန်းများ အကောင် အထည်ဖော်ဆောင်ရွက်ကြရာတွင် အစာရရှိနိုင်မှု၊ ဈေးကွက်ရရှိနိုင်မှုတို့ကို ထည့်သွင်း တွက်ချက်ဆောင်ရွက်ကြရန်လိုကြောင်း၊ ဒေသတွင်းမှ ထွက်ရှိသည့် စိုက်ပျိုးရေး ကုန်ကြမ်းများဖြင့်တိရစ္ဆာန်အစာများကို ထုတ်လုပ်ကျွေးမွေးခြင်းနှင့် စားသုံးမှုဖူလုံ အောင် မွေးမြူထုတ်လုပ်ပေးနိုင်မည်ဆိုပါက ကုန်ဈေးနှုန်းကြီးမြင့်မှုကို လျော့ကျစေနိုင် မည်ဖြစ်ကြောင်း။
နို့စားနွားမွေးမြူခြင်းနှင့်ပတ်သက်၍ မိမိတို့နိုင်ငံအနေဖြင့် နို့နှင့်နို့ထွက်ပစ္စည်း များကို နှစ်စဉ်ပြည်ပမှပမာဏများစွာတင်သွင်းနေရသဖြင့် နိုင်ငံခြားငွေများစွာကုန်ကျ သုံးစွဲနေကြရကြောင်း၊ မိမိတို့နိုင်ငံအတွင်း လုံလောက်မှုရှိအောင် ထုတ်လုပ်နိုင်မည် ဆိုပါက တင်သွင်းမှုကို လျှော့ချနိုင်မည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ၌ ဒိန်ချဉ်ကိုသာ ထုတ်လုပ်နေကြသည်ကို တွေ့မြင်ရပြီး အများစုသုံးစွဲကြသည့် နို့ဆီ၊ နို့စိမ်း၊ နို့မှုန့်တို့ကို အလုံအလောက်ထုတ်လုပ်နိုင်ရန်လိုကြောင်း၊ အာဟာရပြည့်မီစွာနှင့် ဈေးနှုန်းသက်သာ စွာ စားသုံးနိုင်ရေးအတွက် နို့နှင့် ကြက်ဥတို့ကို အပြည့်အဝရရှိအောင် ဆောင်ရွက်ပေး သွားရန်လိုကြောင်း၊ နေပြည်တော်ကောင်စီနယ်မြေနှင့် နိုင်ငံတော်အတွက် အထောက် အကူဖြစ်စေသည့်လုပ်ငန်းရပ်များဖြစ်သဖြင့် အောင်မြင်အောင် ဆောင်ရွက်သွားကြ စေလိုကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းဆောင်ရွက်သည် ဖြစ်စေ၊ မွေးမြူရေးလုပ်ငန်း ဆောင်ရွက်သည်ဖြစ်စေ မျိုး၊ မြေ၊ ရေ၊ နည်း တည်းဟူ သော မျိုးကောင်းမျိုးသန့်များ စိုက်ပျိုးခြင်း၊ မွေးမြူခြင်း၊ မြေကို စနစ်တကျပြုပြင် စိုက်ပျိုးသကဲ့သို့ စနစ်ကျသည့် မွေးမြူရေးစနစ်ဖြစ်အောင်ဆောင်ရွက်ခြင်း၊ ရေအပြည့် အဝရရှိအောင် ဆောင်ရွက်ပေး ခြင်း၊ စိုက်နည်းစနစ်၊ မွေးနည်းစနစ်များ ကောင်းမွန်စေခြင်းတို့ဖြင့် လုပ်ငန်းများ အောင်မြင်စေမည်ဖြစ်ကြောင်း၊ မွေးမြူရေးဇုန်များအတွင်း ကုန်ထုတ်လမ်းများ ကောင်း မွန်မှုရှိစေရေး စီစဉ်ဆောင်ရွက်ပေးသွားရမည်ဖြစ်ကြောင်း၊ မွေးမြူရေးဇုန်များအလိုက် လုပ်ငန်းရပ်များအလိုက် ခြံစည်းရိုး စနစ်တကျကာရံခြင်း၊ ခြုံနွယ်များရှင်းလင်းခြင်း၊ သစ်ပင်စိုက်ပျိုးခြင်းများကိုလည်း စနစ်တကျဆောင်ရွက်သွား ရန်လိုကြောင်းနှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိ သည်။