Myanmar Hard Talk
MHTNEWS❝လျှပ်စစ်ဓာတ်အားတိုးမြှင့်ထုတ်လုပ်နိုင်ရန် ကြိုးပမ်းဆောင်ရွက်ခဲ့သော်လည်း နှောင့်ယှက်ဟန့်တားမှု၊ ပယောဂများကြောင့် လိုအပ်ချက်၏ ၇၀ ရာခိုင်နှုန်းခန့်သာ ထုတ်လုပ်ပေးနိုင်❞
𝙈𝙃𝙏𝙉𝙀𝙒𝙎《𝙈𝘼𝙔~𝟐𝟒》
နိုင်ငံတော်အနေဖြင့် လျှပ်စစ်ဓာတ်အားတိုးမြှင့်ထုတ်လုပ်နိုင် ရန်ရည်ရွယ်၍ ကြိုးပမ်းဆောင်ရွက်ခဲ့သည့် စီမံကိန်းများအနက် အချို့သည် အမျိုးမျိုးသော နှောင့်ယှက်ဟန့်တားမှု၊ ပယောဂများကြောင့် အကောင်အထည်ဖော်နိုင်ခဲ့ခြင်းမရှိဘဲ ပြည်သူလူထုလိုအပ်ချက်၏ ၇၀ ရာခိုင်နှုန်းခန့်သာ ထုတ်လုပ်ပေးနိုင်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
ယခုအခါ ပြည်သူလူထု၏ လျှပ်စစ်ဓာတ်အားသုံးစွဲလိုမှုမှာ နှစ်စဉ် ၁၅ ရာခိုင်နှုန်းခန့် တိုးတက်လာသဖြင့် ဝန်နှင့်အားမမျှတော့ဘဲ ရုန်းကန်နေရသည့် အခြေအနေဖြစ်သည်ဟုလည်း ဆိုထားသည်။
အလားတူ လျှပ်စစ်ထုတ်လုပ်မှု၏ ၃ ဒသမ ၅ ရာခိုင်နှုန်းခန့်ကို ဓာတ်အားပေးစက်ရုံနှင့် ဓာတ်အားခွဲရုံများတွင် ပြန်လည်အသုံးပြုရပြီး ၄ ဒသမ ၅ ရာခိုင်နှုန်းခန့်သည် ရှည်လျားစွာသွယ်တန်းထားရသည့် မဟာဓာတ်အားလိုင်းကြီးများတစ်လျှောက် အလိုအလျောက်ဆုံးရှုံးသွားသဖြင့် သုံးစွဲသူပြည်သူများထံသို့ ရောက်ရှိချိန်တွင် ထုတ်လုပ်မှု၏ ၈ ရာခိုင်နှုန်းခန့်မှာ သဘောသဘာဝအရ လျော့နည်းနေမည်ဖြစ်ကြောင်း အသိပေးထားသည်။
ထို့အပြင် အချို့သော ဓာတ်အားထုတ်လုပ်မှုအရင်းအမြစ်များ၊ ဓာတ်အားခွဲရုံများ မဟာဓာတ်အားလိုင်းကြီးများသည် အကြမ်းဖက်ဖျက်ဆီးခံထားရသဖြင့် အပြည့်အဝအသုံးပြုနိုင်မှု မရှိတော့သည့်အတွက် ကျန်ရှိသည့်ဓာတ်အားခွဲရုံများနှင့် မဟာဓာတ်အားလိုင်းကြီးများသည် ဝန်ပိုများထမ်းဆောင်နေကြရသည်ဖြစ်ရာ နိုင်ငံတော်၏ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးမှု ကွန်ရက်ကြီးသည် နည်းပညာဆိုင်ရာ စွန့်စားရမှုများစွာနှင့်အတူ ပြည်သူများ၏ လိုအပ်ချက်ကို ကြိုးစားဖြည့်ဆည်းနေရသည့် အခြေအနေဖြစ်ကြောင်းလည်း အသိပေးထုတ်ပြန်ထားသည်။