Myanmar Hard Talk
MHTNEWS❝အမျိုးသမီးများကို တရုတ်ဇနီးမယားအဖြစ် ရောင်းစားခဲ့သည့် တရားခံများ အလုပ်နှင့် ထောင်ဒဏ် ၁၅ နှစ်စီချမှတ်ခံရ❞
𝙈𝙃𝙏𝙉𝙀𝙒𝙎《𝙈𝘼𝙔~𝟐𝟑》
မြန်မာအမျိုးသမီး ၂ ဦးကို တရုတ်ဇနီးမယားအဖြစ် အဓမ္မလက်ထပ်ထိမ်းမြားစေပြီး ရရှိသော ငွေကြေးအကျိုးအမြတ် ပူးပေါင်းခေါင်းပုံဖြတ်ရယူခဲ့ကြသည့် တရားခံများအား လူကုန်ကူးမှုဖြင့် အလုပ်နှင့် ထောင်ဒဏ် ၁၅ နှစ်စီ ချမှတ်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
ပြစ်ဒဏ်ချမှတ်ခံရသူများမှာ ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် ရွှေညောင်ပင်ရပ်ကွက်နေ မလုတောင်နှင့် ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ် (၁၆၈) ရပ်ကွက်နေ မကရင်မ (ခ) မဝင်းဆန်းဆိုသူတို့ဖြစ်ကြပြီး တရုတ်နိုင်ငံတွင်နေထိုင်သည့် မခင်သီတာဆိုသူနှင့်ပူးပေါင်းကာ ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ် (၁၆၈) ရပ်ကွက်နေ အမျိုးသမီးတစ်ဦးနှင့် မရမ်းကုန်းမြို့နယ် (၂) ရပ်ကွက်နေ အမျိုးသမီးတစ်ဦးတို့ကို ရောင်းစားခဲ့ခြင်းဖြစ်ည်။
၎င်းတို့သုံးဦးက တရုတ်ဇနီးမယားအဖြစ် တစ်နှစ်ပေါင်းသင်းနေထိုင်ပါက မြန်မာကျပ်ငွေသိန်း ၁၅၀ ရရှိမည်ဖြစ်ကြောင်း စည်းရုံးပြောဆိုကာ ရန်ကုန်မှ တရုတ်နိုင်ငံ ရွှေလီမြို့သို့ ယာယီနယ်စပ်ဖြတ်သန်းခွင့်ဖြင့် ပို့ဆောင်၍ တရုတ်အမျိုးသားများနှင့် ပေါင်းသင်းနေထိုင်စေခဲ့ပြီး တရုတ်နိုင်ငံသို့ ထပ်မံသွားရောက်ရန် နိုင်ငံကူးလက်မှတ်ပြုလုပ်ပေးခြင်းနှင့် ကြိုတင်ငွေထုတ်ပေးခြင်းများအပြင် တရုတ်အမျိုးသားများထံမှ အမျိုးသမီးများခေါ်ယူပေးမှုအတွက် ယွမ် ၂၀၀၀၀မှ ၁၅၀၀၀ဝ အထိ ရယူဆောင်ရွက်ခဲ့ကြကြောင်း စိစစ်ပေါ်ပေါက်ခဲ့သည်ဟုဆိုသည်။
သို့ဖြစ်သဖြင့် အမှတ် (၆) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု (ရန်ကုန်) မှ တရားလိုပြုလုပ်တိုင်တန်းခဲ့ရာ ဒဂုံဆိပ်ကမ်းမြို့မရဲစခန်း (ပ) ၁၅၇/၂၀၂၅၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅/၄၄ ဖြင့် အမှုရေးဖွင့်တရားစွဲတင်ခဲ့ပြီး မေ ၁၉ ရက်တွင် ဒဂုံမြို့သစ်ခရိုင်တရားရုံးမှ ဖမ်းမိတရားခံ မကရင်မ (ခ) မဝင်းဆန်းနှင့် မလုတောင်တို့ နှစ်ဦးကို လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅ အရ အလုပ်နှင့် ထောင်ဒဏ် ၁၅ နှစ်စီ ကျခံစေရန် အမိန့်ချမှတ်ခဲ့ပြီး တိမ်းရှောင်တရားခံ မခင်သီတာကို ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၈၇/၈၈ အတည်ပြုထုတ်ဆင့်ခဲ့ကြောင်း သိရသည်။