Myanmar Hard Talk
MHTNEWS❝တပ်မတော်အသင့်ဖြစ်ခဲ့၍ တိုင်းပြည်ပြိုကွဲမည့်အန္တရာယ်မှ အချိန်မီတားဆီးနိုင်ခဲ့ကြောင်း တပ်ချုပ်ပြောကြား❞
≋အရေးကြီးမှသွေးစည်းသည်ဆိုသည်ထက် အရေးကြီးသည်ဖြစ်စေ၊ မကြီးသည်ဖြစ်စေ သွေးစည်းသည်ဆိုသည့် စိတ်ဓာတ်ရှိရန်လို≋
𝙈𝙃𝙏𝙉𝙀𝙒𝙎《𝙈𝘼𝙔~𝟐𝟎》
နိုင်ငံတော်အတွက် အကြပ်အတည်းအချိန်ကာလများတွင် တပ်မတော်အသင့်ဖြစ်ခဲ့၍ တိုင်းပြည်ပြိုကွဲမည့်အန္တရာယ်မှ အချိန်မီတားဆီးနိုင်ခဲ့ကြောင်းနှင့် ထိုကဲ့သို့အမြဲအသင့်ဖြစ်နေရန် စွမ်းရည်ထက်မြက်သော တပ်မတော်ဖြစ်ရေး ကောင်းစွာလေ့ကျင့်နေရန်လိုကြောင်းလတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးက ပြောကြားသည်။
မေလ ၁၉ ရက် နံနက်ပိုင်းက တောင်ကြီးတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအား တိုင်းစစ်ဌာနချုပ်ခန်းမ၌လည်းကောင်း၊ မွန်းလွဲပိုင်းတွင် ဆီဆိုင်၊ ဘန်းယဉ်တပ်နယ်များမှ အရာရှိ၊ စစ်သည်၊ မိသားစုများအား နယ်မြေခံတပ်ခန်းမ၌လည်းကောင်း သီးခြားစီ သွားရောက်တွေ့ဆုံ၍ အမှာစကားပြောကြားစဥ် ယခုလိုထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
အလားတူ အရေးကြီးမှသွေးစည်းသည်ဆိုသည်ထက် အရေးကြီးသည်ဖြစ်စေ၊ မကြီးသည်ဖြစ်စေ မည်သည့်အချိန်တွင်မဆို မိမိတို့က သွေးစည်းသည်ဆိုသည့် စိတ်ဓာတ်မျိုးရှိရန်လိုကြောင်း ပြောကြားခဲ့သလို တိုင်းပြည်ချစ်စိတ်နှင့် တပ်မတော်ချစ်စိတ်ကိုအခြေခံပြီး မိမိကိုယ်ကိုသစ္စာရှိရန်၊ မိမိ၏မိသားစုအပေါ်သစ္စာရှိရန်၊ မိမိ၏ပတ်ဝန်းကျင်အသိုင်းအဝိုင်းအပေါ်သစ္စာရှိရန်၊ တပ်မတော်အပေါ်နှင့်နိုင်ငံတော်အပေါ် သစ္စာရှိရန်လိုကြောင်း ပြောကြားသည်။
ထို့ပြင် တပ်မှူးကောင်းသည် ပြောဆိုဆုံးမရန်လိုအပ်သည်ကို ပြောဆိုဆုံးမသကဲ့သို့ ဂုဏ်ပြုချီးမြှောက်သင့်သည်ကိုလည်း ချီးမြှောက်ပေးရန်လိုကြောင်း၊ သဘောကောင်းသည်နှင့် စေတနာထားခြင်းသည် မတူညီကြောင်း၊ စေတနာထားသည်ဆိုသည်မှာ မဖြစ်သင့်မဖြစ်ထိုက်သည်များကို စဉ်းစားဆင်ခြင်ပြီး ဖြစ်သင့်ဖြစ်ထိုက်ခြင်းကို ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း၊ မိသားစုဖြစ်စေ၊ အဖွဲ့အစည်းတစ်ခုဖြစ်စေ၊ ဖာသည့်ဖာသာဖြင့် နေသာသလိုနေခြင်း၊ စည်းကမ်းချိုးဖောက်မှုကို လျစ်လျူရှုခြင်းသည် အဆိုပါမိသားစုနှင့် အဖွဲ့အစည်းကိုပျက်စီးစေမည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍လည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က နိုင်ငံတော်ကာကွယ်ရန်အတွက် စစ်တိုက်တော်ရန်လိုပြီး စစ်ကျောင်းကြီးများအနေဖြင့် အပြည့်အဝလေ့ကျင့်သင်ကြားပေးရန်လိုကြောင်း၊ တိုက်ပွဲဝင်စိတ်ဓာတ်ရှိအောင် ဆောင်ရွက်ရာတွင် စစ်တိုက်တတ်ရုံနှင့်မရဘဲ စိတ်ဓာတ်ကိုပါပြုပြင်ရမည်ဖြစ်သည့်အတွက် တိုက်ရဲအောင်၊ စိတ်ဓာတ်ကောင်းအောင် မိသားစုများ၏ စားရေး၊ သောက်ရေး၊ နေရေး၊ ထိုင်ရေး၊ နောက်ဆံမငင်ရအောင် လုပ်ဆောင်ပေးရမည်ဖြစ်ကြောင်း၊ မိမိတို့ Professional သည် စစ်တိုက်ရန်ဖြစ်ပြီး စစ်တိုက်ရန်အတွက် စစ်ရေးစွမ်းရည်ထက်မြက်ရမည်ဖြစ်ကြောင်း။
Standard Army ဖြစ်ရန် တိုက်စွမ်းရည်နှင့် တိုက်စွမ်းအားထက်မြက်နေရန်လိုပြီး ပြောင်းလဲလာသော ခေတ်သစ်စစ်ပွဲများနှင့် နည်းပညာများကို သိရှိလေ့လာနေရန်လိုကြောင်း၊ ခေတ်သစ်နည်းပညာအသုံးပြုထားသော စစ်လက်နက်ပစ္စည်းများကို ကျွမ်းကျင်စွာ လက်တွေ့အသုံးချနိုင်ရန်လိုပြီး မိမိကြံဆမှုဖြင့်ပေါင်းစပ်၍ တိုက်ပွဲဝင်နိုင်ရန်လိုကြောင်း၊ ကျန်းမာကြံ့ခိုင်အောင်၊ ကျွမ်းကျင်အောင်၊ ရဲစွမ်းသတ္တိရှိအောင် လေ့ကျင့်ဆောင်ရွက်ရမည်ဖြစ်ကြောင်း။
နည်းပညာခေတ်ဖြစ်သည့်အတွက် နိုင်ငံတကာတပ်မတော်များနှင့် လိုက်လျောညီထွေမှုဖြစ်အောင်၊ တပ်မတော်၏အရည်အသွေးကို မြှင့်တင်နိုင်ရန် “လေ့လာ၊ လေ့ကျင့်၊ လိုက်နာ”ဆိုသည့် လေ့ကျင့်ရေးလုပ်ငန်းစဉ်များအတိုင်း ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ အမိန့်နာခံတတ်မှုတွင် တစ်ဦးချင်းနှင့် အဖွဲ့လိုက်ဟူ၍ရှိပြီး မိမိတို့တပ်မတော်အနေဖြင့် အဖွဲ့စနစ်ဖြင့်ဆောင်ရွက်ခြင်းဖြစ် သောကြောင့် တစ်ဦးချင်းစွမ်းရည်များစုပေါင်းပြီး အဖွဲ့အစည်း၏စွမ်းရည်များရရှိအောင် တည်ဆောက်သွားရမည်ဖြစ်ကြောင်း။
တပ်မတော်သားများဖြစ်သည့်အတွက် မိမိ၏မျိုးဆက်အပေါ်ပေးနိုင်သော အကောင်းဆုံးအမွေမှာ ပညာအမွေသာဖြစ်ကြောင်း၊ ပညာအမွေပေးနိုင်ခြင်းဖြင့် ကောင်းမွန်သောအနာဂတ်ကို လမ်းဖွင့်ပေးနိုင်မည်ဖြစ်ပြီး လမ်းမှားမရောက်စေရေးအတွက်လည်း ထိန်းကျောင်းပေးရာရောက်ကြောင်း၊ တပ်မတော်အနေဖြင့် တပ်မတော်သားမိသားစုဝင်သားသမီးများ၏ ပညာရည်မြင့်မားရေးအတွက် လိုအပ်သည့် ထောက်ပံ့မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း။
တပ်မတော်သားမိသားစုဝင် ကျောင်းသား ကျောင်းသူများအနေဖြင့် အနည်းဆုံး KG+9 တက်ရောက်အောင်မြင်အောင် တက်ရောက်သင်ကြားရန်လိုကြောင်း၊ KG+9(အခြေခံပညာအလယ်တန်းအဆင့်) တက်ရောက်ပြီး သူများအနေဖြင့်လည်း စက်မှုသိပ္ပံကျောင်းများ၊ စိုက်ပျိုးရေးသိပ္ပံ၊ မွေးမြူရေးသိပ္ပံကျောင်းများသို့ တက်ရောက်ပညာသင်ကြားနိုင်မည်ဖြစ်ကြောင်း၊ မှီခိုသူသားသမီးများ၏ ပညာရည်မြင့်မားလာပါက တိုင်းပြည်အတွက် တစ်ထောင့်တစ်နေရာမှ အထောက်အကူရလာမည်ဖြစ်ကြောင်း၊ အလားတူ တပ်မှူးများသည် တပ်မတော်သားများ၏ အတန်းပညာမြင့်မားရေးကို ဦးစားပေးဆောင်ရွက်ကြရမည်ဖြစ်ကြောင်းဖြင့် ပြောကြားခဲ့သည်ဟု သိရသည်။