Myanmar Hard Talk

Myanmar Hard Talk

MHTNEWS

❝ကျောင်းအပ်နှံရေး ရက်သတ္တပတ်လှုပ်ရှားမှုကို ယခုလ ၂၅ ရက်မှ ၃၁ ရက်အထိ ဆောင်ရွက်သွားမည်❞


𝙈𝙃𝙏𝙉𝙀𝙒𝙎《𝙈𝘼𝙔~𝟏𝟗》


ကျောင်းနေအရွယ်ကလေးများအားလုံး ကျောင်းသို့ရောက်ရှိစေရန်နှင့် ပညာသင်ခွင့် မဆုံးရှုံးစေရန် ၂၀၂၆- ၂၀၂၇ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများ ကျောင်းအပ်နှံရေး ရက်သတ္တပတ်လှုပ်ရှားမှုကို ယခုလ ၂၅ ရက်မှ ၃၁ ရက်အထိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ 


အခြေခံပညာကျောင်းများမှာ အခမဲ့ပညာရေးစနစ်ဖြစ်ခြင်းကြောင့် ကျောင်းအပ်နှံရာတွင် ကျောင်းဝင်ကြေးနှင့် အခြားမည်သည့်ကြေးမျှ ပေးသွင်းရန်မလိုဘဲ အခမဲ့အပ်နှံနိုင်ကြမည့်အပြင် ကျောင်းအပ်နှံသူများအား မူလတန်းအဆင့် ကျောင်းသား ကျောင်းသူများအတွက် သင်ရိုးပုံနှိပ်စာအုပ်တစ်စုံ၊ ဗလာစာအုပ်၊ ခဲတံ (၄) ချောင်းနှင့် ကျောင်းဝတ်စုံ၊ အလယ်တန်းနှင့် အထက်တန်းအဆင့်တို့တွင် သင်ရိုးပုံနှိပ်စာအုပ် တစ်စုံ၊ ဗလာစာအုပ် တစ်ဒါဇင်၊ ခဲတံ (၂) ချောင်းနှင့် ဘောပင်(၂)ချောင်းတို့ကို နိုင်ငံတော်က အခမဲ့ထောက်ပံ့ပေးအပ်သွားမည်ဖြစ်သည်။


မြန်မာနိုင်ငံတွင် အခြေခံပညာမူလတန်း၊ အလယ်တန်းနှင့် အထက်တန်းတို့၌ နှစ်စဉ်ကျောင်းအပ်နှံသူဦးရေ ပျမ်းမျှအားဖြင့် ၆ သန်းကျော်ရှိပြီး အစိုးရ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများတွင် ကျောင်းအပ်နှံသူစုစုပေါင်းမှာ ၂၀၂၄ ခုနှစ်တွင် ၆၃၉၄၅၂၈ ဦး၊ ၂၀၂၅ ခုနှစ်တွင် ၆၁၁၉၂၆၀ ဦးတို့ရှိခဲ့ရာ ယခု ၂၀၂၆ ခုနှစ်တွင်လည်း ၎င်းအရေအတွက် ဝန်းကျင်မှာပင်ရှိနေမည်ဟု ခန့်မှန်းထားသည်။


ကိုဗစ်-၁၉ ကပ်ရောဂါကျရောက်ချိန်တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အသက် (၆) နှစ်မှ (၁၇) နှစ်ကြား ကလေးများ၏ ၂၁ ရာခိုင်နှုန်းမှ ၂၈ ရာခိုင်နှုန်းခန့် ကျောင်းပြင်ပသို့ ရောက်ရှိနေကြပြီး အထက်တန်းအဆင့်အရွယ်တွင် ကျောင်းထွက်နှုန်း ၄၅ ရာခိုင်နှုန်းခန့်အထိ ရှိလာကြောင်း ပညာရေးဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။


ကျောင်းသားကျောင်းသူအများစု ကျောင်းထွက်ရခြင်းသည် ပညာရေးစနစ်ကြောင့်မဟုတ်ဘဲ အဓိကအားဖြင့် မိသားစုကို ကူညီရန်၊ အိမ်အလုပ်များ လုပ်ကိုင်ရန်၊ မိဘဆွေမျိုးများကို ပြုစုစောင့်ရှောက်ရန်ဟူသည့် အကြောင်းရင်းများဖြင့် ကျောင်းမှထွက်ရန် တွန်းအားပေးခဲ့ကြခြင်းဖြစ်ကြောင်း ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း၌ ဖော်ပြထားသည်။


အလားတူ ပညာရေးအတွက် တိုက်ရိုက်/ သွယ်ဝိုက်စရိတ်များကို မတတ်နိုင်ခြင်းကြောင့်ဖြစ်ပြီး ထူးခြားသည့်အချက်မှာ ကျောင်းကို အလယ်တန်း သို့မဟုတ် အထက်တန်းအဆင့်ထက်ပို၍ မနေလိုခြင်းကြောင့် ကျောင်းထွက်ကြခြင်းဖြစ်ကာ ၎င်းတို့အရေအတွက်မှာ ကျောင်းဆက်မတက်သူဦးရေ၏ ၁၇ ဒသမ ၃ ရာခိုင်နှုန်းရှိကြောင်းလည်း သိရသည်။

Report Page