Myanmar Hard Talk

Myanmar Hard Talk

MHTNEWS

❝ကမ္ဘာတွင်ဖြစ်ပေါ်နေသည့် စစ်ပွဲများ၌ သုံးစွဲနေသောလက်နက်များနှင့် နည်းပညာများကို အမြဲလေ့လာသုံးသပ်နေရန်လိုကြောင်း တပ်ချုပ်ပြောကြား❞


𝙈𝙃𝙏𝙉𝙀𝙒𝙎《𝙈𝘼𝙔~𝟏𝟖》


ပြောင်းလဲလာသော ခေတ်မီစစ်လက်နက်ပစ္စည်းများနှင့် စစ်နည်းဗျူဟာများကို မျက်ခြည်မပြတ် လေ့လာ၊ လေ့ကျင့်နေရန်လိုသလို ယနေ့ကမ္ဘာတွင် ဖြစ်ပေါ်နေသည့် စစ်ပွဲများ၌ သုံးစွဲနေသောလက်နက်များနှင့် နည်းပညာများကိုလည်း အမြဲလေ့လာသုံးသပ်နေရန်လိုကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး ပြောကြားသည်။


ယနေ့နံနက်ပိုင်းတွင် ကလောတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအား နယ်မြေခံတပ်ခန်းမ၌ သွားရောက်တွေ့ဆုံအမှာစကားပြောကြားစဥ် ထည့်သွင်းပြောကြားခဲ့ခြင်းပြီး အုပ်ချုပ်မှုအပိုင်းတွင် တပ်မှူးများသည် ဖခင်ကောင်းစိတ်ဓာတ်၊ ခေါင်းဆောင် ကောင်းစိတ်ဓာတ်ဖြင့်အုပ်ချုပ်သကဲ့သို့ တပ်မှူးများ၏ဇနီးများသည်လည်း မိခင်သဖွယ် စိတ်ဓာတ်ဖြင့် ထိန်းကျောင်းပေးရန်လိုကြောင်းကိုလည်း ပြောကြားခဲ့သည်။


အလားတူ တပ်တွင်းစည်းလုံးညီညွတ်မှု ကောင်းမွန်ရန် အထက်အောက်ဆက်ဆံရေးကောင်းမွန်နေရန်လိုကြောင်းနှင့် တပ်တွင်းစည်းလုံးမှု တည်ဆောက်ခြင်းသည် အင်အားတည်ဆောက်ခြင်းသာဖြစ်ပြီး စစ်ရေးစွမ်းရည်ကို ဖြစ်ပေါ်စေကြောင်း ပြောကြားသလို အုပ်ချုပ်မှုကောင်းမွန်ရန် မျက်နှာလိုက်ခြင်းကင်းမဲ့သော၊ ကျောသား ရင်သားမခွဲခြားသောစိတ်ဓာတ်တို့ဖြင့် မျှတစွာ စီမံဆောင်ရွက်ကွပ်ကဲအုပ်ချုပ်ရန်လိုကြောင်း ပြောကြားသည်။


ထို့ပြင် သက်သာချောင်ချိရေးနှင့်ပတ်သက်၍ တပ်မှူးများအနေဖြင့် မိမိတပ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများ၏ နေထိုင်စားသောက်ရေး၊ ပညာရေး၊ ကျန်းမာရေး အပါအဝင် ရပိုင်ခွင့်များကို အချိန်မီနှင့် ပြည့်ဝစွာရရှိအောင် စီမံဆောင်ရွက်ပေးရန်လိုကြောင်း၊ တပ်မှူးများသည် မိမိတပ်အပေါ်အုပ်ချုပ်ရေး၊ ဘဏ္ဍာရေးနှင့်တရားစီရင်ရေးအရ အခွင့် အာဏာအပ်နှင်းခံထားရသူများဖြစ်၍ အမြော်အမြင်ကြီးမားပြီး စိတ်သဘောထားပြည့် ဝနေရန်လိုကြောင်း ပြောကြားသည်။


ဆက်လက်၍လည်း တပ်မတော်ကာကွယ်ရေဦးစီးချုပ်က ကလောဒေသသည် ရာသီဥတုအရ သာယာကောင်းမွန်ပြီး ရေခံ၊ မြေခံကောင်း မွန်သောဒေသဖြစ်၍ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အောင်မြင်ဖြစ်ထွန်းအောင် ဆောင်ရွက်နိုင်ကြောင်း၊ စိုက်ပျိုးမွေးမြူရေးသည် လက်တွေ့အကျိုးကိုခံစားရသည့် လုပ်ငန်းတစ်ရပ်ဖြစ်၍ တပ်ပိုင်နှင့် တစ်ပိုင်တစ်နိုင်စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများကို အလေးထားလုပ်ဆောင်ကြရန်မှာကြားလိုကြောင်း။


ထိရောက်အောင်မြင်အောင်ဆောင်ရွက်ခြင်းဖြင့် ဒေသတွင်းကုန်ထုတ်လုပ်မှုကို အထောက်အကူပြုနိုင်မည်ဖြစ်ပြီး ကုန်ဈေးနှုန်းကြီးမြင့်မှုများကိုလည်း အထိုက်အလျောက်လျော့ချပေးနိုင်မည်ဖြစ်ကာ ပိုလျှံသော ကုန်ပစ္စည်းများကို တပ်နယ်များရှိ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံပြည်သူများကို သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးနိုင်ပါက လက်တွေ့ပါသော စည်းရုံးရေးကို ဆောင်ရွက်နိုင်မည်ဖြစ်ပြီး မိမိဒေသအပေါ် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုမည်ဖြစ်ကြောင်း။


စိတ်ဓာတ်သည် စည်းကမ်းနှင့်ဆက်စပ်လျက်ရှိပြီး ကိုယ်တိုင်စိတ်ဓာတ်မြင့်မားအောင် တည်ဆောက်ရန်လိုကြောင်း၊ စိတ်ဓာတ်နှင့်စည်းကမ်းသည် ပြုပြင်တည်ဆောက်၍ရသော အရာများဖြစ်၍ ကိုယ်တိုင်လည်းစိတ်ဓာတ်မြင့်မားအောင် ကျင့်ကြံ သကဲ့သို့ မိမိအဖွဲ့အစည်းကိုလည်း လေ့ကျင့်ပေးရန်လိုကြောင်း၊ သဘောကောင်းမှုနှင့် စေတနာကောင်းမှုသည် မတူညီကြောင်း၊ ပြောဆိုဆုံးမပဲ့ပြင်မှုသည်စေတနာကောင်းမွန် မှုကိုအခြေခံခြင်းဖြစ်၍ စည်းကမ်းဖောက်ဖျက်မှုနှင့်ပတ်သက်ပါက အသေးအဖွဲ့မှစ၍ လျစ်လျူမရှုရန်လိုကြောင်း။


တပ်မတော်သားများဖြစ်သည့်အတွက် ထုတ်ပြန်ထားသည့် အမိန့်နှင့်ညွှန်ကြား ချက်များကိုလိုက်နာကြရန်လိုကြောင်း၊ မလိုလားအပ်သော အပျော်အပါး၊ မူးယစ်ဆေး ဝါး၊ လောင်းကစားအပါအဝင် ဆောင်ရန်၊ ရှောင်ရန်များကို လိုက်နာကြရန် လိုကြောင်း၊ မူးယစ်ဆေးဝါးမှု၊ငွေကြေးရှုပ်ထွေးမှုများသည် တပ်တွင်းစည်းလုံးညီညွတ်မှုကိုပျက်ပြား စေကြောင်း၊ အလားတူလူမှုရေးရှုပ်ထွေးမှုသည်လည်း ခွင့်လွှတ်၍မရသော ကိစ္စရပ်များ ဖြစ်ကြောင်း။


ပေးအပ်သောလုပ်ငန်းတာဝန်များနှင့် မိသားစုအပေါ် တာဝန်ကျေပွန်စွာထမ်း ဆောင်နိုင်ရန် ကျန်းမာကြံ့ခိုင်မှုရှိရန်လိုကြောင်း၊ ကျန်းမာရေးမကောင်းခြင်းကြောင့် လူမှုရေး၊ စီးပွားရေး စသည်တို့ကို ထိခိုက်ပျက်ပြားစေကြောင်း၊ နေ့စဉ်ဆောင်ရွက်နေသည့် လုပ်ငန်းတာဝန်များ လစ်ဟင်းမှုမရှိစေရန်မှာ အရေးကြီးပြီး ကျန်းမာကြံ့ခိုင်မှ အလုပ်လုပ်နိုင်မည်ဖြစ်သဖြင့် နေ့စဉ်ကိုယ်လက်လှုပ်ရှားမှုများကိုလည်း အမြဲမပြတ် ပါဝင်လုပ်ဆောင်သွားကြရန်ရန်လိုကြောင်း၊ ကျန်းမာရေးသည် မိမိကိုယ်တိုင်ဆောင် ရွက်ရမည့်ကိစ္စဖြစ်သည့်အတွက် ကျန်းမာကြံ့ခိုင်အောင် စနစ်တကျနေထိုင်စားသောက် ရန်လိုကြောင်းဖြင့် ပြောကြားခဲ့သည်ဟု သိရသည်။

Report Page