Myanmar Hard Talk
MHTNEWS❝မိုင်းရှူးမြို့နယ်၌ ကျားဖြန့်တရုတ် ၁၈ ဦး ဖမ်းမိပြီး ကျားဖြန့်လုပ်ငန်းသုံးပစ္စည်းများ၊ အဆောက်အအုံများ သိမ်းဆည်းရမိ❞
𝙈𝙃𝙏𝙉𝙀𝙒𝙎《𝙈𝘼𝙔~𝟏𝟕》
ရှမ်းပြည်နယ် (တောင်ပိုင်း) မိုင်းရှူးမြို့နယ် လွယ်ဆောင်ထောက်ကျေးရွာဝန်းကျင် သံလွင်မြစ်အနီး၌ တရားမဝင် တရုတ်နိုင်ငံသား ၁၈ ဦးနှင့် မိုင်းရှူးမြို့နယ် ဟိုပုံကျေးရွာအနီး သံလွင်မြစ်အနောက်ဘက် ကမ်းဘေး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ လုပ်ကိုင်ဆောင်ရွက်သည့် လုပ်ငန်းသုံးပစ္စည်းများ၊ အဆောက်အအုံများကို မေလ ၁၅ ရက်နေ့က သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က ရှာဖွေစစ်ဆေးမှုများဆောင်ရွက်ရာ မေ ၁၅ ရက် နံနက် ၉ နာရီခွဲခန့်တွင် မိုင်းရှူးမြို့၏ အရှေ့တောင်ဘက် ၂၆ ကီလို မီတာခန့်အကွာ၊ လွယ်ဆောင်ထောက်ကျေးရွာ၏ အရှေ့တောင် ဘက် ၁၁ ကီလိုမီတာခန့် သံလွင်မြစ်အနီး၌ တရားမဝင် ဝင်ရောက်နေထိုင်သည့် တရုတ်နိုင်ငံသား အမျိုးသား ၁၈ ဦးကို ဦးစွာ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
အလားတူ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့တစ်ဖွဲ့သည် သံလွင်မြစ်ကမ်းတစ် လျှောက်၌ ရှာဖွေစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ နံနက် ၁၁ နာရီခန့်တွင် မိုင်းစံမြို့၏ အရှေ့ဘက် ၂၆ ကီလိုမီတာခန့်အကွာ၊ ဟိုပုံရွာ၏ အရှေ့ဘက် ၉ ကီလိုမီတာခန့်အကွာ သံလွင်မြစ်အနောက်ဘက်ကမ်းဘေး၌ အွန်လိုင်းလိမ်လည် လောင်းကစားမှုလုပ်ငန်းများလုပ်ဆောင်ရာတွင် အသုံးပြုသည့် ဖျက်ဆီးထားသော အလျား ပေ ၁၀၀၊ အနံ ပေ ၃၀ ရှိ အိပ်စင်ပါ လူနေဆောင် နှစ်လုံး၊ အလျား ပေ ၁၀၀၊ အနံ ပေ ၃၀ ရှိ လုပ်ငန်းသုံးတဲတစ်လုံး၊ အလျား ၁၀ ပေ၊ အနံ ၁၀ ပေရှိ ဝါးတဲ ၃၀၊ အလျား ၁၀ ပေ၊ အနံ ၁၀ ပေရှိ စားချက်ဆောင်တစ်လုံးတို့အား ထပ်မံတွေ့ရှိ သိမ်းဆည်းရမိခဲ့သည်။
အဆိုပါ ဖမ်းဆီးရမိသူများကို လိုအပ်သည့်စစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိပြီး တရားဥပဒေနှင့်အညီ ထိထိရောက်ရောက် အရေးယူနိုင်ရေး လိုအပ်သည်များ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းနှင့် နောက်ကွယ်မှ ပါဝင်ပတ်သက်သူများကိုလည်း စိစစ်ဖော်ထုတ်ကာ ဥပဒေနှင့်အညီ ထိရောက်ပြင်းထန်စွာအရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။