Myanmar Hard Talk
MHTNEWS❝စစ်ကိုင်းတိုင်းအတွင်း လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်လာသော PDF အဖွဲ့ ၁၄၆ ဦးရှိခဲ့ပြီး ၎င်းတို့အား ဆုငွေ ကျပ်သိန်း ၂၀၀၀ ကျော်ပေးအပ်❞
𝙈𝙃𝙏𝙉𝙀𝙒𝙎《𝙈𝘼𝙔~𝟏𝟔》
နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို လက်ခံယုံကြည်လာသည်နှင့်အမျှ ယခုရက်ပိုင်းအတွင်း စစ်ကိုင်းတိုင်းဒေသကြီး၌ လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်လာသည့် PDF အမည်ခံအဖွဲ့ဝင် အမျိုးသား ၁၃၃ ဦးနှင့် အမျိုးသမီး ၁၃ ဦး၊ စုစုပေါင်း ၁၄၆ ဦး ရှိခဲ့ပြီး ၎င်းတို့အား ဆုငွေ ကျပ်သိန်း ၂၀၀၀ ကျော်ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့ကြသူများအား မိဘအုပ်ထိန်းသူများထံ ပြန်လည်အပ်နှံခြင်းအခမ်းအနားများကိုလည်း အနောက်မြောက်တိုင်းစစ်ဌာနချုပ် ဇေယျာသီရိခန်းမ၌လည်းကောင်း၊ စစ်ကိုင်းမြို့ရှိ အောင်စစ်သည်ခန်းမ၌ လည်းကောင်း၊ ကလေးမြို့ရှိ အောင်ဆန်းခန်းမ၌ လည်းကောင်း၊ ရွှေဘိုမြို့ရှိ အောင်ဇေယျခန်းမ၌လည်းကောင်း ယမန်နေ့က အသီးသီးတွင် ကျင်းပြုလုပ်ခဲ့ကြသည်။
အနောက်မြောက်တိုင်းစစ်ဌာနချုပ် ဇေယျာသီရိခန်းမ၌ ကျင်းပပြုလုပ်သည့်အခမ်းအနားတွင် လက်လုပ်ပစ္စတိုသေနတ် ၅ လက်၊ မောင်းပြန်ရိုင်ဖယ်သေနတ် ၆ လက်နှင့် စကားပြောစက် ၂ လုံးတို့နှင့်အတူ အလင်းဝင်လာသော PDF အဖွဲ့ဝင် ၁၉ ဦးတို့ကို မိဘအုပ်ထိန်းသူများထံ အပ်နှံပေးခဲ့ခြင်းဖြစ်သည်။
၎င်းတို့အား စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးကိုလေး၊ တိုင်းမှူး ဗိုလ်ချုပ် ကျော်သူရတို့က လက်လုပ်ပစ္စတိုသေနတ် ၅ လက်အတွက် ငွေကျပ် ၂၅ သိန်း၊ မောင်းပြန်ရိုင်ဖယ်သေနတ် ၆ လက်အတွက် ငွေကျပ် သိန်း ၃၀၀၊ စကားပြောစက် ၂လုံး အတွက် ငွေကျပ် ၄သိန်း နှင့် အလင်းဝင်ရောက်လာသူများအတွက် ငွေကျပ် ၁၉ သိန်း၊ စုစုပေါင်း ငွေကျပ် ၃၄၈ သိန်းနှင့် စာသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
အလားတူ ပစ္စတိုသေနတ် ၁ လက်၊ မောင်းပြန်ရိုင်ဖယ်သေနတ် ၉ လက်၊ လက်ပစ်ဗုံး ၇၁ လုံး နှင့်အတူ ဥပဒေဘောင်အတွင်းပြန်လည်ဝင်ရောက်လာသည့် PDF အမည်ခံအကြမ်းဖက်အဖွဲ့ဝင် အမျိုးသား ၆၁ ဦးနှင့် အမျိုးသမီး ၅ ဦး၊ စုစုပေါင်း ၆၆ ဦး တို့အား စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့ရှိ အောင်စစ်သည်ခန်းမ၌ မိဘအုပ်ထိန်းသူများထံ ပြန်လည်အပ်နှံပေးခဲ့သည်။
ထို့ပြင် မောင်းပြန်ရိုင်ဖယ်သေနတ် ၁၇ လက်၊ လက်ပစ်ဗုံး ၂ လုံး၊ မိုင်း ၁ လုံးတို့နှင့်အတူ ဥပဒေဘောင်အတွင်းပြန်လည်ဝင်ရောက်လာသည့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့ဝင်အမျိုးသား ၄၀ ဦးနှင့် အမျိုးသမီး ၃ ဦး၊ စုစုပေါင်း ၄၃ ဦးအား ကလေးမြို့ရှိ အောင်ဆန်းခန်းမ၌ လည်းကောင်း၊
လက်ပစ်ဗုံး(၁)လုံးနှင့်အတူ ဥပဒေဘောင်အတွင်းပြန်လည်ဝင်ရောက်လာသည့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့ဝင် အမျိုးသား ၁၆ ဦးနှင့် အမျိုးသမီး ၂ ဦး၊ စုစုပေါင်း(၁၈)ဦး တို့အား ရွှေဘိုမြို့ရှိ အောင်ဇေယျခန်းမ၌လည်းကောင်း မိဘအုပ်ထိန်းသူများထံ အသီးသီး ပြန်လည်လွှဲပြောင်းအပ်နှံပေးခဲ့သည်။
အဆိုပါဥပဒေဘောင်အတွင်း ဝင်ရောက်လာကြသူများအား သက်ဆိုင်ရာတာဝန်ရှိသူများက ပစ္စတိုသေနတ် ၁လက်အတွက် ဆုကြေးငွေကျပ် ၅ သိန်း၊ မောင်းပြန်ရိုင်ဖယ်သေနတ် ၂၆လက်အတွက် ဆုကြေးငွေကျပ် သိန်း ၁၃၀၀၊ လက်ပစ်ဗုံး ၇၃လုံးအတွက် ဆုကြေးငွေ ကျပ် ၂၁၉ သိန်း၊ မိုင်း ၁လုံးအတွက် ဆုကြေးငွေကျပ် ၃သိန်းနှင့် အလင်းဝင်ရောက်လာသူများအတွက် ငွေကျပ် ၁၂၇သိန်း၊ စုစုပေါင်း ၁၆၅၄ သိန်းနှင့် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်းလည်း သိရသည်။