Myanmar Hard Talk

Myanmar Hard Talk

MHTNEWS

❝ထိုင်းနိုင်ငံရှိ ဂိုထောင်တစ်ခုအတွင်းမှ မြန်မာနိုင်ငံသားတစ်ဦး၏ ဘတ်သန်း ၅၀ တန်ဖိုးရှိ တရားမဝင် မှောင်ခိုပစ္စည်းများဖမ်းမိ❞


𝙈𝙃𝙏𝙉𝙀𝙒𝙎《𝙈𝘼𝙔~𝟏𝟏》


ထိုင်းနိုင်ငံ ၊ ရနောင်းခရိုင် ၊ ရနောင်းမြို့နယ်က ဂိုဒေါင်တခုကိုစစ်ဆေးခဲ့ရာ မြန်မာနိုင်ငံသားတစ်ဦးပိုင်ဆိုင်တဲ့ ဘတ်သန်း ၅၀ တန်ဖိုးရှိ မှောင်ခိုပစ္စည်းများကို မေလ ၁၀ ရက်နေ့ မွန်းလွဲပိုင်းက ထိုင်းဝန်ကြီးချုပ် မစ္စတာ အနုတင် ချာန်ဝီရကူးလ် (Anutin Charnvirakul) ကိုယ်တိုင် ကွင်းဆင်း စစ်ဆေးဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းဖော်ပြမှုများအရ သိရသည်။


ထိုင်းဝန်ကြီးချုပ် အနုတင်ဦးဆောင်သောအဖွဲ့သည် သတင်းပေးပို့မှုအရ ရနောင်းမြို့၊ ဘန်ရင် (Bang Rin) ရပ်ကွက်၊ လမ်းမကြီး ၄၀၈၀ ဘေးရှိ မှတ်ပုံတင်ထားခြင်းမရှိသော "168 Transport Logistics Co., Ltd" ဂိုဒေါင်တစ်ခုကို ဝင်ရောက်စီးနင်းခဲ့ရာ ၎င်းဂိုဒေါင်အတွင်းမှ စုစုပေါင်းတန်ဖိုး ဘတ်သန်း ၅၀ ခန့်ရှိ မှောင်ခိုလျှပ်စစ်ပစ္စည်းများ၊ စက်ရုံနှင့် ဟိုတယ်သုံး မီးစက်များ၊ လေအေးပေးစက်များနှင့် အခြားထုတ်ကုန်ပစ္စည်းများကို တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။


အဆိုပါကုန်စည်ပစ္စည်းများသည် မြိတ်မြို့မှ ခရိုနီကြီးတစ်ဦးပိုင်ဆိုင်သော ပစ္စည်းများဖြစ်ကြောင်း သတင်းအချို့က ဖော်ပြကြပြီး ယင်းသို့ ဝင်ရောက်ဖမ်းဆီးချိန်တွင် မြန်မာနိုင်ငံဘက်ခြမ်းမှ ဖုန်းခေါ်ဆိုမှုများ ပြုလုပ်ကာ ဖမ်းဆီးမှုကို ရပ်တန့်ရန် ပြောဆိုခဲ့သလို ထိုင်းနိုင်ငံရှိ ရဲအရာရှိကြီးများကို သိသည်ဟုလည်း ပြောဆိုမှုများရှိခဲ့ကြောင်း သိရသည်။


ထို့သို့ ပြောဆိုမှုများ ရှိခဲ့သော်လည်း သက်ဆိုင်ရာတာဝန်ရှိသူများက ဂရုစိုက်ခြင်းမရှိဘဲ မိမိတို့လုပ်ဆောင်စရာရှိသည်များကိုသာ ဆောင်ရွက်ခဲ့ကြသဖြင့် ရနောင်းရဲတပ်ဖွဲ့ တပ်မှူးအပါအဝင် စစ်တပ်နှင့် ရဲတပ်ဖွဲ့၏ ဂုဏ်သိက္ခာကို ချီးကျူးကြောင်း ဝန်ကြီးချုပ် အနုတင်က ပြောဆိုလိုက်သည်။ 


“ဝင်ရောက်စီးနင်းနေတုန်းမှာ အရာရှိတွေဆီ လျှို့ဝှက်ဖုန်းခေါ်ဆိုမှု တစ်ခုရောက်လာပြီး သူဟာ ရဲအရာရှိကြီးတွေကို သိတဲ့အတွက် ဂိုဒေါင်ကနေ အခုချက်ချင်း ထွက်သွားဖို့ သတိပေးခဲ့တယ်လို့ အရာရှိတွေက ကျွန်တော့်ကို ပြောပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ အရာရှိတွေရဲ့ ခိုင်မာမှုနဲ့ မတုန်မလှုပ် ငြင်းဆန်ခဲ့မှုအတွက် ချီးကျူးပါတယ်။ အခုတော့ ရနောင်းခရိုင်အုပ်ချုပ်ရေးမှူး၊ ဒေသ ၈ ရဲမင်းကြီးနဲ့ ကျွန်တော် ဝန်ကြီးချုပ်ကိုယ်တိုင် ဒီကို ရောက်နေပါပြီ” ဟု ပြောဆိုခဲ့ခြင်းဖြစ်သည်။


အလားတူ နှိမ်နင်းမှုများကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်သလို တရားမဝင်ကုန်ပစ္စည်း ခိုးသွင်းရန်ကြံစည်သည့် မည်သူမဆို လွတ်မြောက်မှာမဟုတ်ကြောင်းနှင့် ရက် ၃၀ အတွင်း ထိုင်းနိုင်ငံမှ ထွက်ခွာခြင်းမရှိသော ဖြတ်သန်းကုန်စည်များကို ထိုင်းနိုင်ငံက ပိုင်ဆိုင်ခွင့်ရှိကြောင်း ဝန်ကြီးချုပ် အနုတင်က ပြောဆိုထားသည်။ 


လက်ရှိတွင် ယင်းကုန်စည်ပစ္စည်းများကို ထိုင်းဒေသခံရဲတပ်ဖွဲ့နှင့် စစ်တပ်က အသေးစိတ် ဆက်လက်စစ်ဆေးရန် သိမ်းဆည်းထားကာ တရားဝင်ကြောင်း အကောက်ခွန်စာရွက်စာတမ်းများ တင်ပြလာသည်အထိ စောင့်ဆိုင်းသွားမည်ဖြစ်ကြောင်း ထိုင်းသတင်းများဖော်ပြမှုများအရ သိရသည်။

Report Page