Myanmar Hard Talk
MHTNEWS❝မြန်မာ့ခရီးသွား ဦးမော့လာနေပြီဟု ဟိုတယ်၊ခရီးသွားလာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးပြောကြား❞
≋မြန်မာ့အစားအစာများကို dish by dish အဆင်ပြေစွာတည်ခင်းနိုင်စေရန်ရည်ရွယ်၍ ပြိုင်ပွဲတစ်ရပ်ကို မကြာမှီကျင်းပပေးသွားမည်ဟုဆို≋
𝙈𝙃𝙏𝙉𝙀𝙒𝙎《𝙈𝘼𝙔~𝟏𝟎》
ယခုနှစ် ပထမ (၃)လပတ်အတွင်း အပြည်ပြည်ဆိုင်ရာလေဆိပ်များမှ ပြည်ပ ခရီးသွားဝင်ရောက်ခဲ့မှုမှာ(၉၀၀၀၀)ခန့် ဝင်ရောက်ခဲ့သည့်အတွက် မြန်မာ့ခရီးသွား ဦးမော့လာနေပြီဖြစ်ကြောင်း ဟိုတယ်၊ခရီးသွားလာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်က ပြောကြားသည်။
မြန်မာနိုင်ငံ၏ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများစဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက် ရေး၊ ခရီးသွားလုပ်ငန်းများ မြှင့်တင်ဖော်ဆောင်နိုင်ရေး၊ အစိုးရနှင့်ပုဂ္ဂလိကကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု ပိုမိုခိုင်မာအားကောင်းလာစေရေးအတွက် ရည်ရွယ်၍ မေလ ၉ ရက် နံနက်ပိုင်းက ရန်ကုန်မြို့၊ အင်းလျားလိတ် ဟိုတယ်၌ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်နှင့် ဟိုတယ်နှင့် ခရီးသွားဆိုင်ရာအသင်း အဖွဲ့များနှင့်တွေ့ဆုံစဥ် ပြောကြားခဲ့ခြင်းဖြစ်သည်။
အသင်းအဖွဲ့များအနေဖြင့် အစိုးရ၊ ပုဂ္ဂလိက ပူးပေါင်း ဆောင်ရွက်မှုကို မြှင့်တင်ဆောင်ရွက်ပြီး ခိုင်မာအားကောင်းသော(Strengthening Institution) အဖွဲ့အစည်းများဖြစ်အောင် တည်ဆောက်သွားကြရမည်ဖြစ်ကြောင်းကိုလည်း ပြည်ထောင်စုဝန်ကြီးက ထည့်သွင်းပြောကြားခဲ့သလို နိုင်ငံတော်သမ္မတက ယဉ်ကျေးမှုကိုမြှင့်တင်ပေးခြင်းဖြင့်ခရီးသွားလုပ်ငန်း၏ အဓိက မောင်းနှင်အားအဖြစ်အသုံးချပြီး စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုဆိုင်ရာအကျိုးကျေးဇူးများကို တစ်ပြိုင်နက်ထဲရရှိအောင် မျှော်မှန်းလုပ်ဆောင်ရန် လမ်းညွှန်ထားရှိပါကြောင်းလည်း ပြောကြားသည်။
အလားတူ ကမ္ဘာ့နိုင်ငံအများအပြားတွင်လည်း ခရီးသွားနှင့် ယဉ်ကျေးမှုကဏ္ဍကို ပေါင်းစပ်ဆောင်ရွက်နေကြသကဲ့သို့ မြန်မာနိုင်ငံတွင်လည်း ယဉ်ကျေးမှု၊ ခရီးသွားလုပ်ငန်းကို အနှစ်သာရရှိသော ယဉ်ကျေးမှုအခြေခံခရီးသွားလုပ်ငန်း (Cultural Tourism)အဖြစ် တန်ဖိုးတက်အောင် မြှင့်တင်ပေးကြရမှာဖြစ်ကြောင်းနှင့် ခရီးသွားလုပ်ငန်းမှာလည်း နိုင်ငံ၏ အဖိုးတန်အမွေအနှစ်များကို ကမ္ဘာကသိအောင် ပြသပေးသောပြတင်းပေါက်တစ်ခုဖြစ်စေမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့ပြင် ခရီးသွားလုပ်ငန်းနှင့် ယဉ်ကျေးမှုကို ပေါင်းစပ်ဖွဲ့စည်းလိုက်ခြင်းကြောင့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးနှင့် ယဉ်ကျေးမှုထိန်းသိမ်းမြှင့်တင်ရေးတို့ကို တစ်ပြိုင်နက်ပေါင်းစပ် ညှိနှိုင်းနိုင်စေပြီး ရေရှည်တည်တံ့သော ဖွံ့ဖြိုးမှုများကို ဖော်ဆောင်သွားနိုင်မှာဖြစ်ပါကြောင်းနှင့် နိုင်ငံတော်သမ္မတကြီးကလည်း ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်းကိုအထူးအလေးထားကာ လိုအပ်သည်များ ပံ့ပိုးပေးသွားမည်ဟုဆိုသည်။
ဆက်လက်၍လည်း ပြည်ထောင်စုဝန်ကြီးက ခရီးသွားများ သွားလာလည်ပတ်ရာတွင် အဆင်ပြေချောမွေ့စေရေးအတွက် ကျိုင်းတုံ၊ တာချီလိတ်၊ မြိတ်၊ ထားဝယ်၊ ကော့သောင်း၊ ပြင်ဦးလွင်၊ ပုဂံနှင့် ပုသိမ်လေယာဉ်ကွင်းများကို တိုးချဲ့ပေးလျက်ရှိပြီး Package Tour များအတွက် စင်းလုံးငှားစီစဉ်ပေးနိုင်ပါကြောင်း၊ ယင်းအပြင် မီးရထားနှင့် နိုင်ငံအနှံ့ ခရီးသွားနိုင်ဖို့အတွက်လည်း လမ်းပိုင်းများအား Up Grade ပြုလုပ်ပေးနေပြီး ရထားတွဲပြတ်လည်းငှားရမ်းနိုင်နေပြီဖြစ်ပါကြောင်း။
ပြည်တွင်း၊ ပြည်ပခရီးသွားများ ပိုမိုလာရောက်လည်ပတ်ကြရန် ခရီးသွားလုပ်ငန်းအမျိုးအစားများကို ဖော်ဆောင်ကြသကဲ့သို့ တစ်ဖက်တွင်လည်း ဟိုတယ်လုပ်ငန်းများ၏ အရည်အသွေးမြှင့်တင်ရေးကို အထူးအလေးထားရမှာဖြစ်ကြောင်း၊ သန့်ရှင်းသပ်ရပ်မှု၊ ဝန်ဆောင်မှုစနစ်များကောင်းမွန်မှုတို့ကို တိုးတက်အောင်ဆောင်ရွက်ရန်လိုအပ်ပြီး ဝန်ထမ်းများ၏ ကျွမ်းကျင်မှုမြင့်မားလာရေးကိုလည်း အစဉ်မပြတ် လေ့ကျင့်သင်ကြားပေးကြရမှာဖြစ်ကြောင်း။
ထိုကဲ့သို့ဆောင်ရွက်ကြရာတွင် ဧည့်သည်များ၏ အကြုံပြုချက်များကိုလည်း နားထောင်ရန်လိုအပ်ကာ feedback စနစ်များကိုလည်း ထိရောက်စွာအသုံးချကြရန် တိုက်တွန်းပြောကြားလိုပါကြောင်း၊ ဧည့်ခံကျွေးမွေးရေးအပိုင်းတွင်လည်း အစားအစာသန့်ရှင်းသပ်ရပ်မှုနှင့် အပြင်အဆင်အမြင် တင့်တယ်မှုတို့မှာ အလွန်အရေးကြီးပါကြောင်း၊ ပြင်ဆင်ခင်းကျင်းပုံ၊ အစားအစာတင်ဆက်ပုံနှင့် အလှဆင် မှုများကိုနိုင်ငံတကာအဆင့်နှင့်ကိုက်ညီအောင် ကြိုးစားဆောင်ရွက်ကြရန်နှင့် မြန်မာ့ ယဉ်ကျေးမှုကို ထင်ဟပ်စေသော အလှဆင်ပစ္စည်းများကို ထည့်သွင်း အသုံးပြုကြရမည်ဖြစ်ပါကြောင်း။
UNESCO က မြန်မာ့အတာသင်္ကြန်ကို ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်အဖြစ် အသိအမှတ်ပြုခံရသကဲ့သို့ မြန်မာ့သနပ်ခါးကိုလည်းတင်သွင်းထားရှိရာဟိုတယ်များတွင် လည်း ခင်းကျင်းပြသခြင်းများ၊ welcoming drinks နှင့်အတူ သနပ်ခါးလူးပေးခြင်းများကို ဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားလိုပါကြောင်း၊ ဟိုတယ်များနှင့် စားသောက်ဆိုင် များတွင် မြန်မာ့အစားအစာများကို ထည့်သွင်းရာ၌ ဒေသအလိုက် အစားအစာများဖြစ်သော မြန်မာ့မုန့်ဟင်းခါး၊ ကောက်ညှင်းပေါင်း၊ လက်ဘက်ရည်၊ မြန်မာ့ဒေသထွက် အာရေဘီးကား ကော်ဖီများ၊ ရှမ်းခေါက်ဆွဲ၊ ခေါပုတ်၊ ကောက်ညှင်းခွက်ကြော်၊ ကရေကရာ၊ ထိုးမုန့်၊ ဟာလဝါတို့ကို ဖော်ထုတ်ပြသနိုင်ရန်လိုအပ်ပါကြောင်း။
ထိုကဲ့သို့ ရိုးရာအစားအစာများကို မြှင့်တင်ဆောင်ရွက်ခြင်းက အစားအသောက်ခရီးသွားလုပ်ငန်း (Gastronomy Tourism) ကို အကောင်အထည်ဖော်ရာလည်းရောက်မှာဖြစ်ပါကြောင်း၊ ၎င်းအပြင် မြန်မာအစားအစာများကို dish by dish စနစ်ဖြင့် တင်ဆက်နိုင်မည်ဆိုပါကခရီးသွားများအတွက် အတွေ့အကြုံသစ်တစ်ခုဖြစ်စေမှာဖြစ်သဖြင့် ဝိုင်းဝန်းကြိုးစား ဆောင်ရွက်ပေးကြစေလိုကြောင်း။
ဟိုတယ်များနှင့်စားသောက်ဆိုင်များပါ မြန်မာ့အစားအစာများကို dish by dish အဆင်ပြေစွာတည်ခင်းနိုင်စေရန် ရည်ရွယ်၍ ပြိုင်ပွဲတစ်ရပ်ကို မကြာမှီကျင်းပပေးသွားမှာဖြစ်ပြီး ဆုများကိုလည်းထိုက်တန်စွာ ချီးမြှင့်ပေးသွားမှာဖြစ်ပါကြောင်း၊ ပြည်တွင်းခရီးသွား လုပ်ငန်းတိုးတက်ရေးအတွက်သာမက ပြည်ပခရီးသွား ပိုမိုဝင်ရောက်ရေးအတွက် ပြည်တွင်းနှင့် ပြည်ပခရီးသွားများကို ရည်ရွယ်သော package များနှင့် promotion များကို စနစ်တကျပြုလုပ်ရန်လိုအပ်ပါကြောင်း၊ ဒေသဆိုင်ရာဆွဲဆောင်မှုများနှင့် ဟိုတယ်ဝန်ဆောင် မှုများကို ပေါင်းစည်းချိတ်ဆက်ပြီးအတွေ့အကြုံသစ်များကို ဖန်တီးပေးနိုင်ရန် လိုအပ်ပါကြောင်း။
နိုင်ငံတကာခရီးသွားဧည့်သည်များ ပိုမိုဝင်ရောက်လာဖို့နှင့် မြန်မာနိုင်ငံအား ခရီးသွားဧည့်သည်များ လုံခြုံစိတ်ချစွာ လာရောက်လည်ပတ်နိုင်ကြောင်း ကမ္ဘာကသိရှိအောင် ထိရောက်စွာ ကြော်ငြာပေးရန် အစိုးရနှင့် ပုဂ္ဂလိက ကဏ္ဍနှစ်ဖက်စလုံးက ဝိုင်းဝန်းလက်တွဲ ဆောင်ရွက်သွားကြရမှာဖြစ်ပါကြောင်း၊ အစိုးရပိုင်းတွင် မိမိတို့ဝန်ကြီးဌာန၊ နိုင်ငံခြားရေးနှင့် ပြန်ကြားရေးတို့က ဆောင်ရွက်သွားမှာဖြစ်သကဲ့သို့ ပုဂ္ဂလိကကဏ္ဍ၌ ဟိုတယ်လုပ်ငန်းရှင်များ၊ Travel Agency များ၊ Travel bloggers များက ဟန်ချက်ညီညီပေါင်းစပ် ဆောင်ရွက်သွားရမှာဖြစ်ပါကြောင်းဖြင့် ပြောကြားခဲ့သည်ဟု သိရသည်။