Myanmar Hard Talk
MHTNEWS❝မြန်မာနိုင်ငံ၏ ပထမဆုံးသော အမျိုးသမီးဘောလုံးအကယ်ဒမီအတွက် ရန်ကုန်ဇုန် အပြီးသတ်လူရွေးချယ်ပွဲစတင်❞
𝙈𝙃𝙏𝙉𝙀𝙒𝙎《𝙈𝘼𝙔~𝟗》
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) က ကြီးမှူး၍ မန္တလေးမြို့တွင် ပထမဆုံးအကြိမ် ဖွင့်လှစ်မည့် အမျိုးသမီးဘောလုံးအကယ်ဒမီ (Women's Academy) အတွက် ရန်ကုန်ဇုန် အပြီးသတ်လူရွေးချယ်ပွဲ (Final Selection) ကို ယနေ့ မွန်းလွဲ ၁ နာရီမှစတင်ကာ ရန်ကုန်မြို့ရှိ MFF Hall ၌ ကျင်းပပြုလုပ်ခဲ့သည်ဟု သိရသည်။
အဆိုပါ အပြီးသတ်လူရွေးချယ်ပွဲ (Final Selection)သို့ ရောက်ရှိလာကြသူများသည် ရန်ကုန်ဇုန်အဖြစ် ရန်ကုန်၊ ပဲခူး၊ မော်လမြိုင်၊ ဘားအံ၊ ပုသိမ်မြို့နှင့် မန္တလေးဇုန်အဖြစ် မန္တလေး၊ နေပြည်တော်၊ တောင်ကြီးနှင့် ကလောမြို့တို့တွင် ကျင်းပပြုလုပ်ခဲ့ပြီးသည့် ပဏာမလူရွေးချယ်ပွဲများမှ ရွေးချယ်ခြင်းခံထားရသည့် အရည်အချင်းရှိ အမျိုးသမီးကစားသမားများကို အကယ်ဒမီသင်တန်းသူအဖြစ် တက်ရောက်နိုင်ရန် အပြီးသတ်လူရွေးချယ်မှုလုပ်ငန်းစဉ်များကို ဇုန်အလိုက် ပြန်လည်စိစစ်ရွေးချယ်နေခြင်းဖြစ်သည်။
ယနေ့ပြုလုပ်သည့် ရန်ကုန်ဇုန် အပြီးသတ်ရွေးချယ်ပွဲ ပထမနေ့အစီအစဉ်တွင် ရန်ကုန်ဇုန်အတွင်းရှိ မြို့နယ်များမှ တက်ရောက်လာကြသည့် ကစားသမားများကို တာဝန်ရှိသူများက စာရွက်စာတမ်းများ စနစ်တကျ ရှိ၊ မရှိ စိစစ်ခြင်းနှင့် ကစားသမားများ၏ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှု အခြေအနေများအတွက် Medical Check-up (ဆေးစစ်မှု) များ စတင်ဆောင်ရွက်ခဲ့ကြသည်ဟုဆိုသည်။
ထို့နောက် ရန်ကုန်ဇုန်အတွက် ကွင်းအတွင်း လက်တွေ့အရည်အချင်းစစ်ဆေးမှုများ (Field Selection) ကို မေလ (၁၀) ရက်နှင့် (၁၁) ရက်တို့တွင် ဆက်လက်ပြုလုပ်သွားမည်ဖြစ်သလို မန္တလေးဇုန် (မန္တလေး၊ နေပြည်တော်၊ တောင်ကြီး၊ ကလော) အတွက် အပြီးသတ်လူရွေးချယ်ပွဲကို မန္တလေးမြို့၌ မေလ (၁၇) ရက်မှ (၁၉) ရက်အထိ ဆက်လက်ကျင်းပသွားရန် စီစဉ်ထားကြောင်း MFF က အသိပေးထားသည်။
မြန်မာ့အမျိုးသမီးဘောလုံးလောက အခြေခံကောင်းများမှတစ်ဆင့် တိုးတက်မြင့်မားလာစေရန် ရည်ရွယ်၍ ဖွင့်လှစ်သည့် အဆိုပါ အကယ်ဒမီသို့ တက်ရောက်ခွင့်ရမည့် အပြီးသတ်ရွေးချယ်ခံရသူစာရင်းကို မေလ ၂၂ ရက်တွင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၏ တရားဝင် Facebook စာမျက်နှာမှတစ်ဆင့် ထုတ်ပြန်ကြေညာပေးသွားမည်ဖြစ်ကြောင်း သိရသည်။