Myanmar Hard Talk

Myanmar Hard Talk

MHTNEWS

❝အလုပ်ရှင်တရုတ်အုပ်စု၏ နှိပ်စက်ခံရမှုကြောင့် ဒဏ်ရာရရှိခဲ့သော မြန်မာလုပ်သားကို ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးက တွေဆုံအားပေးကာ ထောက်ပံ့ငွေပေးအပ်❞


𝙈𝙃𝙏𝙉𝙀𝙒𝙎《𝙈𝘼𝙔~𝟗》


ထိုင်းနိုင်ငံအရှေ့ပိုင်း၊ လယောင်းခရိုင်အတွင်းတွင် တရုတ်လုပ်ငန်းရှင်နှင့် အပေါင်းအပါများက ရေနွေးပူလောင်းကာ ရိုက်နှက်ခံခဲ့ရမှုကြောင့် ဒဏ်ရာရရှိခဲ့သည့် မြန်မာအလုပ်သမားကို ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဇော်ဇော်စိုးက တွေ့ဆုံအားပေးကာ ထောက်ပံ့ငွေများပေးအပ်ခဲ့သလို အလုပ်သမားသံအရာရှိရုံးကလည်း လိုအပ်သည်များ ကူညီဆောင်ရွက်ပေးနေကြောင်း ထုတ်ပြန်ထားသည်။ 


နှိပ်ဆက်ခံရသူ မြန်မာလုပ်သားမှာ လယောင်းခရိုင်ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုတွင် တရုတ်စကားပြန်အဖြစ် လုပ်ကိုင်ခဲ့သည့် အသက် (၂၇) နှစ်အရွယ် ကိုသားသား ဆိုသူဖြစ်သည်ဟု သိရပြီး ဧပြီ ၃၀ ရက်နေ့က ၎င်း၏ အလုပ်ရှင်ဟောင်းဖြစ်သူနှင့် အပေါင်းအပါများမှ လုပ်ခလစာ ကျန်ငွေပေးမည်ဟုဆိုကာ လယောင်းမြို့ရှိ စားသောက်ဆိုင်တစ်ခုသို့ ချိန်းဆိုသဖြင့် သွားရောက်ခဲ့သည့်အချိန်တွင် ရေနွေးပူဖြင့်လောင်းကာ ၅ နာရီနီးပါးကြာ ရိုက်နှက်နှိပ်စက်ခဲ့ကြခြင်းဖြစ်သည်။ 


ထို့နောက် တရုတ်လူမျိုးများက ရေနွေးပူဖြင့် ပါးစပ်အတွင်း အတင်းလောင်းထည့်ရန်ကြိုးစားချိန်တွင် တံခါးတွန်းဖွင့်ကာ ထွက်ပြေးနိုင်ခဲ့သဖြင့် အသက်ဘေးမှ လွတ်မြောက်ခဲ့သော်လည်း ဒဏ်ရာများရရှိခဲ့သဖြင့် ဆေးကုသမှုခံယူနေရပြီး မေလ ၈ ရက် နံနက် ၁၀ နာရီခွဲအချိန်တွင် မြန်မာသံရုံး၊ ဗန်ကောက်မြို့ အစည်းအဝေးခန်းမ၌ မြန်မာသံရုံးမှ အရာရှိများ၊ အလုပ်သမားသံအရာရှိတို့နှင့်အတူ တွေ့ဆုံ၍ ညှင်းပန်းနှိပ်စက်မှုပြုခံရသည့် ဖြစ်စဉ်နှင့် အမှုဖွင့်ဆောင်ရွက်ထားရှိမှုအခြေအနေများကို ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးက မေးမြန်းခဲ့ပြီး မြန်မာသံရုံး၏ကိုယ်စား နှစ်သိမ့်အားပေးစကား ပြောကြားခဲ့သည်။


ထိုသို့တွေ့ဆုံစဉ် မြန်မာသံအမတ်ကြီးက ယခုဖြစ်စဉ်နှင့်စပ်လျဉ်း၍ ထိုင်းနိုင်ငံ၏ အလုပ်သမားဥပဒေနှင့်အညီ တရားမျှတမှုရှိစေရေး၊ ပြစ်ဒဏ်ကျူးလွန်သူများအပေါ် ဥပဒေနှင့်အညီ ဆောင်ရွက်နိုင်ရေး၊ မြန်မာလုပ်သားအတွက် ထိုက်သင့်သည့် နစ်နာကြေး ရရှိနိုင်ရေးတို့အတွက် ဗန်ကောက်မြို့၊ မြန်မာသံရုံးနှင့် အလုပ်သမားသံအရာရှိရုံး၊ ထိုင်းအခြေစိုက် ပြည်ပ လုပ်သားနစ်နာမှုကူညီစောင့်ရှောက်ပေးနေသူများနှင့်အတူ ဆက်လက်ကူညီမှုပြုသွားမည်ဖြစ်ကြောင်း အသိပေးပြောကြားခဲ့သည်ဟုသိရသည်။

Report Page