Myanmar Hard Talk
MHTNEWS❝သတင်းမီဒီယာများ သိရှိလိုသော အကြောင်းအရာများကို ဖြေကြားပေးနိုင်ရန် တရားရုံးအဆင့်ဆင့်တွင် တရားရုံးသတင်းပြန်ကြားရေးအရာရှိများ ခန့်အပ်ထားဟုဆို❞
𝙈𝙃𝙏𝙉𝙀𝙒𝙎《𝙈𝘼𝙔~𝟗》
တိုင်းဒေသကြီးအတွင်းရှိတရားရုံးများအနေဖြင့် အများပြည်သူစိတ်ဝင်စားသော မှုခင်းများ၏ သတင်းအချက်အလက်များနှင့် ပတ်သက်၍ သတင်းမီဒီယာများ သိရှိလိုသော အကြောင်းအရာများကိုဖြေကြားပေးနိုင်ရန် တရားရုံးအဆင့်ဆင့်တွင် တရားရုံးသတင်း ပြန်ကြားရေးအရာရှိများ ခန့်အပ်ထားပြီး သတင်းပြန်ကြားရေးအရာရှိများအနေဖြင့် တိကျသေချာသောသတင်းအချက်အလက်များကို သတင်းမီဒီယာဥပဒေ၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ထုတ်ပြန် သောတရားရုံးသတင်းမီဒီယာလက်စွဲများနှင့်အညီ ဖြေကြားပေးကြရန် တနင်္သာရီတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေးက ပြောကြားသည်။
မေလ ၈ ရက်၊ နံနက်ပိုင်းက ထားဝယ်မြို့၊ တနင်္သာရီတိုင်းဒေသကြီး တရားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည့် နိုင်ငံတော်အစိုးရ၏ ရက် ၁၀၀ ကာလအတွင်းပြည်ထောင်စု တရားလွှတ်တော်ချုပ်၏ တရားစီရင်ရေးဆိုင်ရာ မဟာဗျူဟာစီမံကိန်း(၂၀၂၃-၂၀၂၇) အရ တရားရုံးအသုံးပြုသူပြည်သူများအတွက် အကျိုးဖြစ်ထွန်းစေရန် တရားရုံးဝန်ဆောင်မှုများကိုအများပြည်သူလက်လှမ်းမီစေရန်နှင့် တရားရုံး စစ်ဆေးဆဲမှုခင်းများ၏ စစ်ဆေးစီရင်မှုနှင့်စပ်လျဉ်း၍ သတင်းအချက်အလက်ရယူလိုသော သတင်းမီဒီယာသမားများနှင့် ဆက်ဆံရေးကောင်းမွန်စေရန်ဆောင်ရွက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
တရားလွှတ်တော်ချုပ်၏ တရားစီရင်ရေးဆိုင်ရာ မဟာဗျူဟာစီမံကိန်း(၂၀၂၃-၂ဝ၂၇)အရ တိုင်းဒေသကြီးတရားလွှတ်တော်နှင့်တရားရုံးအဆင့်ဆင့်ရှိ တရားသူကြီးများ၊ တရားရေးအရာရှိများနှင့် တရားရုံးဝန်ထမ်းများအနေဖြင့် တရားရုံးသို့ ဦးတိုက်မှုဖြင့် လာရောက်တိုင်ကြားလိုသူများ ရာဇဝတ်မှု၊ တရားမမှုများစွဲဆိုလိုသူများမှ အမှုများစွဲဆိုတင်ပို့ရာတွင် လိုအပ်သည့်အချက်အလက်များကို မေးမြန်းလာပါက တရားစွဲဆိုရာတွင်လိုအပ်ချက်များကို အများပြည်သူသိရှိနိုင်ရန်အတွက် တရားရုံးများတွင် ကြော်ငြာစာများထားရှိပြီးဖြစ်သည်ဟုဆိုသည်။
အမှုသည်များအနေဖြင့်လည်း အမှုစစ်ဆေးနေစဉ် အမှုတွဲဆောင်ရွက်ချက်များအပေါ် မိတ္တူကူးရယူလျှောက်ထားလိုခြင်းတို့လည်း ရှိနိုင်သဖြင့် အဆိုပါကိစ္စရပ်များကိုဆောင်ရွက်နိုင်ရန်အတွက် တရားရုံးများတွင် သတင်းအချက်အလက် ကောင်တာများ၊အမှုလက်ခံကောင်တာ၊ ဘိလစ်ကောင်တာများထားရှိဆောင်ရွက်ထားပြီးဖြစ်သည်ဟု သိရသည်။
သတင်းအချက်အလက် ကောင်တာများ၊ အမှုလက်ခံကောင်တာ၊ ဘိလစ်ကောင်တာများတွင် တာဝန်ပေးအပ်ထားသော တရားရေးအရာရှိများ(သို့မဟုတ်)တရားရုံးဝန်ထမ်းများသည်အမှုသည်များ၊ ပြည်သူများကလိုအပ်သည့် အချက်အလက်များကို မေးမြန်းလာသည့်အခါ ယဉ်ကျေးပျူငှာစွာဖြေကြားဆက်ဆံကြရန် လိုအပ်ကြောင်း တနင်္သာရီတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်က မှာကြားသည်။
ထို့အပြင် တရားလွှတ်တော်၏ Website တွင် မှုခင်းများကြားနာမည့်နေ့ရက်၊ အမိန့်ချမှတ်မည့်နေ့ရက်များနှင့် လုပ်ငန်းစီမံချက်များကို အချိန်နှင့်တပြေးညီ ဖော်ပြဆောင်ရွက်ခြင်းဖြင့် တရားရုံးအဆင့်ဆင့်၏ လုပ်ငန်းဆောင်ရွက်ချက်များကို တရားရုံးအသုံးပြုသူများနှင့် ပြည်သူတစ်ရပ်လုံးကသိရှိနိုင်ရေး ဆောင်ရွက်သွားရန်ဖြစ်ကြောင်းနှင့် နိုင်ငံတော်အစိုးရ၏ ရက် ၁၀၀ ကာလအတွင်းသာ ဆောင်ရွက်ပေးကြရန်မဟုတ်ဘဲ ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ မဟာဗျူဟာစီမံကိန်းလျာထားချက်ပါအတိုင်း ပြည့်မီအောင်ဆက်လက် ကြိုးပမ်းဆောင်ရွက်သွားကြရန်လိုအပ်ကြောင်း လမ်းညွှန်မှာကြားခဲ့သည်ဟုလည်း သိရသည်။