Myanmar Hard Talk
MHTNEWS❝တောင်သူများအား တိုးမြှင့်ထုတ်ချေးပေးမည့် ချေးငွေပမာဏနှင့် ကာလအပိုင်းအခြားများ အသိပေးထုတ်ပြန်❞
𝙈𝙃𝙏𝙉𝙀𝙒𝙎《𝙈𝘼𝙔~𝟗》
ပြည်ထောင်စုအစိုးရအဖွဲ့သစ်အနေဖြင့် ရက်ပေါင်း ၁၀၀ အတွင်း ဦးစားပေးဆောင်ရွက်မည့် ကိစ္စရပ်များတွင် ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနက တောင်သူလယ်သမားများသို့ စိုက်ပျိုးစရိတ်ချေးငွေနှုန်းထား တိုးမြှင့်ထုတ်ချေးပေးမည်ဖြစ်သလို လယ်ယာသုံးစက်ကိရိယာချေးငွေများကိုပါ ထုတ်ချေးပေးမည်ဖြစ်သဖြင့် အဆိုပါ တိုးမြှင့်ထုတ်ချေးပေးမည့် ချေးငွေပမာဏနှင့် ကာလအပိုင်းအခြားများကို အသိပေးထုတ်ပြန် ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနက အသိပေးထုတ်ပြန်ထားသည်။
ယင်းချေးငွေများကို လာမည့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် မိုးရာသီချေးငွေကာလမှစတင်၍ ထုတ်ချေးပေးသွားမည်ဖြစ်ရာ စပါး၊ ဂျုံနှင့် ချည်မျှင် ရှည်ဝါ (မျိုးစေ့ထုတ်) သီးနှံအမျိုးအစားများကို ယခင်က ကျပ် ၁၅၀,၀၀၀ နှုန်း ထုတ်ချေးပေးခဲ့ရာမှ ယခုအခါ ကျပ် ၃၀၀,၀၀၀ အထိ တိုးမြှင့်ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အလားတူ ယခင်က ကျပ် ၁၀၀,၀၀၀ နှုန်း ချေးပေးခဲ့သော အခြားသီးနှံ(၁၈)မျိုးကို ယခုအခါ ကျပ် ၂၅၀,၀၀၀ နှုန်းအထိ တိုးမြှင့်ထုတ်ချေးပေးသွားမှာဖြစ်သလို ပန်းနှမ်း၊ ဆီမုန်ညင်း၊ ဂုန်လျှော် သီးနှံအမျိုးအစားများကို ကျပ် ၁၀၀,၀၀၀ မှ ကျပ် ၁၅၀,၀၀၀ သို့ တို့မြှင့်ထုတ်ချေးပေးသွားမည်ဖြစ်ပြီး ထုတ်ချေးကာလအဖြစ် မိုးချေးငွေကို ၂၀၂၆ ခုနှစ်၊ မေလမှ စက်တင်ဘာလကုန်အထိ သတ်မှတ်ထားသည်။
ဆက်လက်၍ ဆောင်းချေးငွေများကို ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလမှ ၂၀၂၇ ခုနှစ်၊ ဇန်နဝါရီလကုန်အထိလည်းကောင်း၊ မိုးကြိုချေးငွေများကို ၂၀၂၇ ခုနှစ်၊ ဇန်နဝါရီလမှ မတ်လကုန်အထိလည်းကောင်း အသီးသီး သတ်မှတ်ထားသလို ချေးငွေအတိုးနှုန်းအနေဖြင့် (၁)နှစ်လျှင် ၅ ရာခိုင်နှုန်း သတ်မှတ်ထားပြီး ယင်းချေးငွေများကို ၂၀၂၆ ခုနှစ်၊ မေလ ၁၂ ရက်တွင် စတင်ထုတ်ချေးမည်ဖြစ်ကာ အာမခံ(အပေါင်)ပစ္စည်းအဖြစ် လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် (ပုံစံ-၇) မူရင်းကို ပေးအပ်ရမည်ဖြစ်သည်။
ထို့နောက် လယ်ယာသုံးစက်ကိရိယာချေးငွေအဖြစ် ကျပ်သိန်း ၁၀၀မှ ကျပ်သိန်း ၃၀၀၀အထိ တစ်ကဏ္ဍ၊ ကျပ်သိန်း ၃၀၀၀ မှ ကျပ်သိန်း ၅၀၀၀ အထိ တစ်ကဏ္ဍ ထုတ်ချေးပေးမှာဖြစ်ပြီး အတိုးနှုန်းကို (၁)နှစ်လျှင် ၆ ရုခိုင်နှုန်းနှင့် ချေးငွေသက်တမ်းမှာ နှစ်ချင်းဆပ် (၁)နှစ်၊ နှစ်တို (၃)နှစ်၊ နှစ်ရှည် (၅)နှစ်ဖြစ်ကြောင်း သိရသည်။
ထိုချေးငွေများကို တောင်သူလယ်သမားများသာမက လယ်ယာကုန်ထုတ်လုပ်ငန်းရှင်များလည်း လျှောက်ထားရယူနိုင်မည်ဖြစ်ပြီး လက်တွန်းထွန်စက်၊ ထော်လာဂျီ၊ ရေစုပ်/ရေတင်စက်၊ ဆိုလာ ရေတင်စက်၊ မျိုးစေ့ချစက်၊ လယ်ထွန်စက်အသေး၊ ရိတ်ခြွေစက်အသေး၊ ပဲခွဲစက်၊ ကောက်စိုက်စက်၊ အခြောက်ခံစက် (Dryer)၊ သိုလှောင်ရုံ (Silo)၊ ဆန်စက် အစရှိသည့် လယ်ယာသုံးစက်ကိရိယာများအတွက် ချေးယူနိုင်မည်ဖြစ်သည်။
ယင်းချေးငွေများအတွက် လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် (ပုံစံ-၇)မြေ၊ ဘိုးဘပိုင်မြေ၊ ဂရန်မြေ၊ (လန-၃၉)မြေနှင့် ယင်းမြေပေါ်တွင်တည်ရှိသည့် အဆောက်အဦများ၊ စက်ပစ္စည်းများ၊ လုပ်ငန်းသုံးယာဉ်များ၊ အခြားပုံသေရပိုင်ခွင့်များကို အာမခံအနေဖြင့် ရယူထားမည်ဖြစ်ပြီး အာမခံလုံလောက်ပါက စက်ကိရိယာ (၁) မျိုးထက်ပို၍ ဝယ်ယူနိုင်သည်ဟုဆိုထားသည်။
ချေးငွေကို တောင်သူလယ်သမားများ၊ သမဝါယမအသင်းဝင်များအား ဦးစားပေးထုတ်ချေးမည်ဖြစ်သလို ၂၀၂၆ ခုနှစ်၊ မေလမှ စတင်ထုတ်ချေးမည်ဖြစ်သဖြင့် စိုက်ပျိုးရေးနှင့် လယ်ယာသုံးစက်ကိရိယာချေးငွေများရယူလိုသော တောင်သူများနှင့် စိုက်ပျိုးရေးလုပ်ငန်းရှင်များအနေဖြင့် နိုင်ငံတစ်ဝန်းရှိ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် သက်ဆိုင်ရာခရိုင်/မြို့နယ်ဘဏ်ခွဲများသို့ အမြန်ဆုံးဆက်သွယ်ကြရန် အသိပေးကြေညာထားသည်။