Myanmar Hard Talk

Myanmar Hard Talk

MHTNEWS

❝အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သူ မြန်မာနိုင်ငံသား အမျိုးသမီး ၅ ဦးနှင့် တရုတ်နိုင်ငံသား ၃၀ ကျော်ကို လဲချားမြို့နယ်နှင့် ကျိုင်းတောင်းမြို့အနီး၌ ဖမ်းမိ❞


𝙈𝙃𝙏𝙉𝙀𝙒𝙎《𝙈𝘼𝙔~𝟖》


ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လဲချားမြို့နယ်နှင့် မိုင်းပန်မြို့နယ်၊ ကျိုင်းတောင်းမြို့မှ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သူ မြန်မာနိုင်ငံသား အမျိုးသမီး ၅ ဦးနှင့် တရုတ်နိုင်ငံသား ၃၀ ကျော်ကို အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်ရာတွင် အသုံးပြုသည့် အဆောက်အအုံများ၊ ပစ္စည်းများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။


ပထမဦးစွာ လဲချားမြို့နယ်၊ ဆီးဆောကျေးရွာ၏ အရှေ့တောင်ဘက်မီတာ ၆၈၀၀ ခန့်အကွာနေရာမှ အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်သူ တရုတ်နိုင်ငံသား အမျိုးသား ၁၃ ဦးနှင့် မြန်မာနိုင်ငံသား အမျိုးသမီး ၅ ဦး၊ စုစုပေါင်း ၁၈ ဦးတို့ကို အလျား ၁၂၀ ပေ အနံ ၃၀ ပေရှိ လူနေတဲ ၂ လုံး၊ အလျား ၁၂၀ ပေ အနံ ၃၀ ပေရှိ လုပ်ငန်းသုံးတဲ ၁ လုံး၊ အလျား ၈၀ ပေ အနံ ၃၀ ပေရှိ မီးဖိုဆောင် ၁ လုံး၊ All In One ၂ လုံး၊ မီးစက် အလတ် ၁ လုံး၊ ပါဝါစတေရှင်(အကြီး) ၂ လုံးနှင့် ဖျက်ဆီးထားသည့် ဖုန်းမျိုးစုံ ၉၀ လုံးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။


ထို့နောက် လုံခြုံရေးပူးပေါင်းအဖွဲ့များက နယ်မြေရှင်းလင်းခြင်းနှင့် ရှာဖွေဖော်ထုတ်စစ်ဆေးခြင်းလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ခဲ့ရာ ဆီးဆောကျေးရွာ၏ အရှေ့တောင်ဘက်မီတာ ၆၀၀၀ ခန့်အကွာနေရာမှ အွန်လိုင်းလိမ်လည် လောင်းကစားမှုကျူးလွန်သူ တရုတ်နိုင်ငံသား အမျိုးသား ၁၂ ဦးတို့ကို ထပ်မံဖမ်းဆီးရမိခဲ့သည်ဟုဆိုသည်။


အလားတူ ယနေ့မွန်းလွဲပိုင်းတွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းပန်မြို့နယ်၊ ကျိုင်းတောင်းမြို့၏ တောင်ဘက်မီတာ ၁၂၀၀၀ ခန့်အကွာ မိုင်းပန်-ကျိုင်းတောင်းသွားကားလမ်းအနီးမှလည်း တရားမဝင်အွန်လိုင်းလောင်းကစားမှုကျူးလွန်သူ တရုတ်နိုင်ငံသား အမျိုးသား ၆ ဦးကို ထပ်မံဖမ်းဆီးရမိခဲ့သဖြင့် စုစုပေါင်း ၃၆ ဦးတို့ကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။


အဆိုပါ အွန်လိုင်းလိမ်လည်လောင်းကစားမှုများလုပ်ကိုင်လျက်ရှိသည့် ဖမ်းဆီးရမိသူများအား လိုအပ်သည့် စစ်ဆေးမှုများ ဆောင်ရွက်ပြီးစီးပါက တည်ဆဲဥပဒေများနှင့်အညီ ထိရောက်ပြင်းထန်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်သလို သိမ်းဆည်းရမိသည့် လုပ်ငန်းသုံးပစ္စည်းများကိုလည်း လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

Report Page