Myanmar Hard Talk

Myanmar Hard Talk

MHTNEWS

❝ဘဏ္ဍာ/အခွန်ဝန်ကြီးနှင့် ဆောက်လုပ်ရေးဝန်ကြီးတို့က နီပေါနိုင်ငံ သံအမတ်ကြီးအား သီးခြားစီ လက်ခံတွေ့ဆုံ❞


≋ဒီဂျစ်တယ်နှင့် နည်းပညာဆိုင်ရာ ဖွံ့ဖြိုးရေးတွင် ပါဝင်ဆောင်ရွက်နိုင်မည့်ကိစ္စရပ်များ ဆွေးနွေး≋


𝙈𝙃𝙏𝙉𝙀𝙒𝙎《𝙈𝘼𝙔~𝟖》

 

ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်နှင့် ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်တို့က မြန်မာနိုင်ငံဆိုင်ရာ နီပေါနိုင်ငံသံအမတ်ကြီး H.E. Mr. Harishchandra Ghimire အား မေလ ၇ ရက်၊ နံနက်ပိုင်းနှင့် မွန်းလွဲပိုင်းတို့တွင် သီးခြားစီ လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။


ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်နှင့် မြန်မာနိုင်ငံဆိုင်ရာ နီပေါနိုင်ငံသံအမတ်ကြီး H.E. Mr. Harishchandra Ghimire တို့သည် နေပြည်တော်ရှိ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ရုံးအမှတ်(၂၆)၌ တွေ့ဆုံခဲ့ခြင်းဖြစ်ပြီး ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်က ဆောက်လုပ်ရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့ခြင်းဖြစ်သည်။

 

ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်နှင့် တွေ့ဆုံစဉ် မြန်မာ-နီပေါ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်မှုကိစ္စရပ်များ၊ ဘဏ်လုပ်ငန်းကဏ္ဍဆိုင်ရာ ICT နှင့် ဒီဂျစ်တယ်ပူးပေါင်းဆောင်ရွက်မှုနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။


အလားတူ ဆောက်လုပ်ရေးဝန်ကြီးနှင့် တွေ့ဆုံရာတွင်လည်း မြန်မာ - နီပေါ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုပိုမိုခိုင်မြဲစေရေးနှင့် ပြည်သူများ၏ လူမှုစီးပွားဘဝ ပိုမိုကောင်းမွန်လာစေရေးတို့အတွက် အခြေခံအဆောက်အအုံဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများတွင် ပူးပေါင်းဆောင်ရွက်နိုင်ရေးကိစ္စရပ်များ၊ ဒီဂျစ်တယ်နှင့် နည်းပညာဆိုင်ရာ ဖွံ့ဖြိုးရေးတွင် ပါဝင်ဆောင်ရွက်နိုင်မည့်ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။

 

တွေ့ဆုံပွဲသို့ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်နှင့် မြန်မာ့စီးပွားရေးဘဏ် ဦးဆောင်ညွှန်ကြားရေးမှူးတို့ တက်ရောက်ခဲ့ကြသလို ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်အတူ ဝန်ကြီးဌာနမှတာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်ဟု သိရသည်။

Report Page