Myanmar Hard Talk
MHTNEWS❝အမျိုးသားပြတိုက်(နေပြည်တော်)ကို ခရီးသွားများ လေ့လာလည်ပတ်စရာနေရာတစ်ခုအဖြစ် ဆောင်ရွက်သွားရန် တိုက်တွန်း❞
𝙈𝙃𝙏𝙉𝙀𝙒𝙎《𝙈𝘼𝙔~𝟖》
အမျိုးသားပြတိုက်(နေပြည်တော်)ကို နေပြည်တော်ကောင်စီနယ်မြေ၏ ခရီးသွားများ လေ့လာလည်ပတ်စရာနေရာတစ်ခုအဖြစ် ဆောင်ရွက်သွားရန် ဟိုတယ်၊ ခရီးသွားလာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်က အဆိုပါ အမျိုးသားပြတိုက်(နေပြည်တော်)၏ လုပ်ငန်းဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများကို သွားရောက် ကြည့်ရှုစစ်ဆေးစဥ် တိုက်တွန်းမှာကြားခဲ့သည်ဟု သိရသည်။
မန္တလေးငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့သော ပြတိုက်ခန်းမများ၊ ပြသပစ္စည်းများ ပြင်ဆင်မှုကို အရှိန်မြှင့်တင်ကာတိုးချဲ့ဖွင့်လှစ်သွားနိုင်ရေး ဆောင်ရွက်ရန်လည်း ပြည်ထောင်စုဝန်ကြီးက မှာကြားခဲ့သလို သီဟာသနပလ္လင်ပြခန်းကို အမြန်ဆုံးပြန်လည်ဖွင့်လှစ်သွားရန်လည်း တိုက်တွန်းပြောကြားခဲ့သည်။
အလားတူ လာရောက်ကြည့်ရှုသူဧည့်သည်များ ပိုမိုဝင်ရောက်လာစေရန်နှင့် အမျိုးသားပြတိုက်(နေပြည်တော်)ကို အများပြည်သူပိုမိုသိရှိလာကြစေရန် ပြခန်းတစ်ခုချင်းစီအလိုက် ပြသပစ္စည်းများကို မီဒီယာများမှတစ်ဆင့် တင်ဆက်ပြသနိုင်ရေး ဆောင်ရွက်သွားရန်လည်း အကြံပြုပြောကြားခဲ့သည်။
ထို့ပြင် ကျောင်းသား လူငယ်များမှအစ မြန်မာပြည်သူလူထုအနေဖြင့် တစ်ဆက်တစ်စပ်တည်းသော မြန်မာ့သမိုင်းစဉ်ကို သိရှိကြစေရန်အတွက် ပရိုင်းမိတ်များ မြန်မာ့မြေပေါ်တွင် စတင်ဖြစ်ပေါ်လာသည်မှစ၍ ခေတ်အဆက်ဆက် ယဉ်ကျေးမှုများ တိုးတက်ထွန်းကားလာကြောင်းကို ပညာပေးခြင်းဖြင့် နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်များ ရှင်သန်ထက်မြက်လာကြစေရေး ဆောင်ရွက်သွားရန်တို့ကိုလည်း လမ်းညွှန်မှာကြားခဲ့သည်ဟု သိရသည်။