Myanmar Hard Talk

Myanmar Hard Talk

MHTNEWS

❝ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံများ စက်စွမ်းအားပြည့်လည်ပတ်နိုင်ရေး လိုအပ်သည်များ ကြိုတင်ပြင်ဆင်ဆောင်ရွက်ရမည်❞


 𝙈𝙃𝙏𝙉𝙀𝙒𝙎《𝙈𝘼𝙔~𝟔》


လာမည့် မိုးရာသီကာလအတွင်း ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံများ စက်စွမ်းအားပြည့်လည်ပတ်နိုင်ရေး လိုအပ်သည်များကြိုတင်ပြင်ဆင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်က မိုးရာသီကာလအတွင်း လျှပ်စစ်ဓာတ်အားထုတ်လုပ်၊ ပို့လွှတ်၊ ဖြန့်ဖြူးမှုနှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြောကြားခဲ့သည်။


ယင်းအစည်းအဝေးကို မေလ ၅ ရက် မွန်းလွဲပိုင်းက နေပြည်တော်ရှိ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ရုံးအမှတ် (၂၇)၌ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး လက်ရှိအခြေအနေတွင် ရေအားလျှပ်စစ်စက်ရုံအချို့နှင့် မဟာဓာတ်အားလိုင်းများ ဖျက်ဆီးခံထားရမှုကြောင့် ယခုကဲ့သို့ အပူချိန်မြင့်မားသည့်အချိန်နှင့် ရေလှောင်တမံများတွင် ရေနည်းလာသည့် အချိန်တို့တွင် သဘာဝဓာတ်ငွေ့ကို ပိုမိုအသုံးပြု ၍ လျှပ်စစ်ဓာတ်အားထုတ်လုပ်ပေးနေရခြင်းဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ဆက်လက်ပြောကြားသည်။


မကြာမီ မိုးကျလာတော့မည်ဖြစ်ရာ ကောင်းမွန်လျက်ရှိနေသည့် ရေအားလျှပ်စစ်စက်ရုံများကို စွမ်းအားပြည့်လည်ပတ်၍ ဓာတ်အားထုတ်ယူရန်နှင့် ယင်းအတွက်တမံကြီးများကို ကြိုတင်စစ်ဆေး၍ ကြံ့ခိုင်မှုကောင်းမွန်နေစေရန် စီမံဆောင်ရွက်ခြင်း၊ ရေအားလျှပ်စစ် စက်ရုံများကို ပြန်လည်စစ်ဆေး၍ လိုအပ်သည်များ ပြင်ဆင်ခြင်း၊ ချွတ်ယွင်းပျက်စီးမှုများ ဖြစ်ပေါ်လာပါက အမြန်ပြုပြင်နိုင်ရေးအတွက် သက်ဆိုင်ရာနယ်မြေများအလိုက် အရန်ပစ္စည်းများ စုဆောင်းခြင်း၊ သယ်ယူပို့ဆောင်ရေးယာဉ်ယန္တရားများ အသင့်ပြင်ဆင်ထားခြင်းတို့ကို ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက လမ်းညွှန်မှာကြားသည်။


အလားတူ ပိုမိုထွက်ရှိလာသည့်ဓာတ်အားများ ပို့ဆောင်နိုင်ရေးအတွက် မဟာဓာတ်အားလိုင်းများနှင့် ဓာတ်အားခွဲရုံများ ကြံ့ခိုင်ရေးကိုလည်း စစ်ဆေးထားရန်လိုကြောင်းနှင့် ရေအားလျှပ်စစ်ကို ပိုမိုအသုံးပြုနိုင်ခြင်းဖြင့် သဘာဝဓာတ်ငွေ့အသုံးပြုမှုကို လျှော့ချနိုင်ပါက သဘာဝဓာတ်ငွေ့ကို ဓာတ်မြေဩဇာစက်ရုံများ အပါအဝင် အခြားစက်ရုံများအတွက် အသုံးပြုနိုင်သည်ဖြစ်၍ နိုင်ငံတော်၏ ကုန်ထုတ်လုပ်မှုတိုးတက်လာစေရေးကို အထောက်အကူပြု စေမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။


ထို့ပြင် မိုးရာသီအတွင်း ရေအားလျှပ်စစ်ထုတ်လုပ် ရေးစက်ရုံများကို အကျိုးရှိရှိဖြင့် စွမ်းအားပြည့် လည်ပတ်နိုင်ရေးကြိုးစား ဆောင်ရွက်ကြရန်နှင့် အစီအမံများ ပြုလုပ်ဆောင်ရွက်သွားရန် လိုအပ်ကြောင်း အမှာစကား ပြောကြားပြီး တာဝန်ရှိသူများနှင့် ဒုတိယဝန်ကြီးတို့၏ ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်ဟု သိရှိရသည်။

Report Page