Myanmar Hard Talk
MHTNEWS❝၄ နှစ်တာကာလအတွင်း လူရည်ချွန် ၂၅၀၀ ကျော် မွေးထုတ်ပေးနိုင်ခဲ့❞
𝙈𝙃𝙏𝙉𝙀𝙒𝙎《𝙈𝘼𝙔~𝟔》
နိုင်ငံတော်အနေဖြင့် ၂၀၂၃ ခုနှစ်မှ ယခု ၂၀၂၆ အထိ (၄) နှစ်တာကာလအတွင်း လူရည်ချွန်မောင်မယ် စုစုပေါင်း ၂၅၁၁ ဦးအထိ မွေးထုတ်ပေးနိုင်ခဲ့ပြီဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်၏ ပြောကြားမှုအရ သိရသည်။
၂၀၂၃ ခုနှစ်တွင် လူရည်ချွန် (၄၇၈)ဦး၊ ၂၀၂၄ ခုနှစ်တွင် လူရည်ချွန် (၅၅၄)ဦး၊ ၂၀၂၅ ခုနှစ်တွင် လူရည်ချွန် (၇၂၈)ဦး ရွေးချယ်နိုင်ခဲ့ကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ လူရည်ချွန်မောင်မယ်များ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတထံမှ ဩဝါဒခံယူပွဲအခမ်းအနားတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
အလားတူ ယခုနှစ် အခြေခံပညာကဏ္ဍတွင် နဝမတန်း လူရည်ချွန်(၉၆)ဦး၊ ဒသမတန်း လူရည်ချွန်(၁၃၂) ဦး၊ ဧကာဒသမတန်း လူရည်ချွန် (၁၃၃) ဦး၊ ဒွါဒသမတန်း လူရည်ချွန် (၉၉)ဦးနှင့် အဆင့်မြင့်ပညာကဏ္ဍတွင် ပထမနှစ်လူရည်ချွန် (၁၄၈)ဦး၊ ဒုတိယနှစ် လူရည်ချွန်(၁၄၃)ဦး ရွေးချယ်နိုင်ခဲ့ပြီး စုစုပေါင်း လူရည်ချွန် (၇၅၁)ဦး မွေးထုတ်နိုင်ခဲ့သည်ဟုဆိုသည်။
အဆိုပါ လူရည်ချွန် ၇၅၁ ဦးတွင် ၅ ထပ်ကွမ်း ၂ ဦး၊ ၄ ထပ်ကွမ်း ၃၁ ဦး၊ ၃ ထပ် ကွမ်း ၆၈ ဦး၊ ၂ ထပ်ကွမ်း ၁၉၆ ဦး နှင့် ပထမအကြိမ် ရွေးချယ်ခံရသူ ၄၅၄ ဦး ပါဝင်သည်ဟု သိရပြီး ထိုသို့ ထူးချွန်ထက်မြက်သည့် လူရည်ချွန်များကို အစဉ်လေ့ကျင့် မွေးထုတ် ပေးနေပြီး နိုင်ငံအတွက်လိုအပ်သည့် “အသိပညာ အဆောက်အအုံ” တောင့်တင်း ခိုင်မာအောင် အုတ်မြစ်ချဆောင်ရွက်ပေးနေသည့် ပညာရေးဝန်ကြီးဌာနကိုလည်း အသိအမှတ်ပြုကြောင်း နိုင်ငံတော်သမ္မတက ထည့်သွင်းပြောကြားခဲ့သည်။
နိုင်ငံတော်အစိုးရအနေဖြင့် ယခုနှစ် လူရည်ချွန် ကျောင်းသားလူငယ်များ၏ ထူးချွန်ထက်မြက်မှု၊ ကြိုးစားအားထုတ်မှုကို ဂုဏ်ပြုသည့်အနေဖြင့် နဝမတန်း လူရည် ချွန်များကို ပြင်ဦးလွင်လူရည်ချွန်စခန်း၊ ဒသမတန်း လူရည်ချွန်များကို အင်းလေး လူ ရည်ချွန်စခန်း၊ ဧကာဒသမတန်း လူရည်ချွန်များကို ငွေဆောင်လူရည်ချွန်စခန်း၊ ဒွါဒသမတန်းလူရည်ချွန်များကို နေပြည်တော်လူရည်ချွန်စခန်း၊ တက္ကသိုလ် ပထမနှစ် နှင့် ဒုတိယနှစ် လူရည်ချွန်များကို ချောင်းသာ လူရည်ချွန်စခန်းတို့သို့ ပို့ဆောင်သွားမည်ဖြစ်သည်။
အဆိုပါခရီးစဉ်သည် မိမိတို့၏ ကြိုးစားမှု၊ အရည်အချင်းနှင့် အစွမ်းအစများကြောင့် နိုင်ငံတော်မှ ဂုဏ်ပြုချီးမြှင့်ခြင်းဖြစ်သဖြင့် ယခုခရီးစဉ်တွင် ပါဝင်ခွင့်ရသည်ကို ဂုဏ်ယူ တန်ဖိုးထားစေချင်ကြောင်း၊ ခရီးစဉ်တစ်လျှောက်တွင်လည်း မိဘပြည်သူများ၊ တာဝန်ရှိသူများက လူရည်ချွန်မောင်မယ်များကို ထိုက်ထိုက်တန်တန် ဂုဏ်ပြုကြိုဆိုကြမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက အသိပေးပြောကြားသည်။
ထို့အပြင် ခရီးစဉ်အတွင်း ဒေသအသီးသီးမှ ပညာကိုတန်ဖိုးထားသည့် သက်တူ ရွယ်တူသူငယ်ချင်းများနှင့်တွေ့ဆုံပြီး အသိပညာများ ဖလှယ်နိုင်ကြမည်ဖြစ်သကဲ့သို့ ဒေသန္တရဗဟုသုတများ ရှာဖွေနိုင်ကြမည်ဖြစ်ကြောင်း၊ အသင်းအဖွဲ့နှင့် စုပေါင်းဆောင် ရွက်တတ်မှု၊ အများနှင့်လိုက်လျောညီထွေ နေထိုင်တတ်လာတတ်မှုနှင့် အပြန်အလှန် နားလည်မှု၊ အချင်းချင်း ယုံကြည်လေးစားမှုနှင့် ခင်မင်ရင်းနှီးမှုများ ရရှိလာနိုင်မည်ဖြစ် သဖြင့် မိမိတို့ဘဝအတွက် အတွေ့အကြုံကောင်းများ ရနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍လည်း နိုင်ငံတော်သမ္မတက မောင်တို့မယ်တို့အနေဖြင့် မိမိတို့ရရှိထားသည့် လူရည်ချွန်ဟူသည့် ဂုဏ်ပုဒ်၊ အဆင့်အတန်းနှင့်အညီ ပြောဆိုနေထိုင်ပြုမူလုပ်ကိုင်မှုများကို မြှင့်တင်နိုင်အောင် ကြိုးစားသွားကြရမည်ဖြစ်ကြောင်း၊ “အတ္တနှင့် ပရ” မျှတမှုရှိအောင် ကျင့်ကြံနေထိုင်ကြ ရန်နှင့် ခေတ်စနစ်၏တိုးတက်မှု နည်းလမ်းများကို အမြဲမပြတ်ရှာဖွေနေရန် လိုအပ် သကဲ့သို့ မြန်မာမှု၊ မြန်မာ့ဟန်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု ဓလေ့စရိုက်များ မှေးမှိန်ပျောက်ကွယ်မသွားအောင်လည်း ထိန်းသိမ်းစောင့်ရှောက်သွားကြရန် လိုအပ်ကြောင်း။
လူငယ်ဘဝတွင် ရှိသင့်သည့် ကျင့်ဝတ်များဖြစ်သည့် သားသမီးကျင့်ဝတ်၊ တပည့်ကျင့် ဝတ်များကို လိုက်နာနေထိုင်ကြရန်နှင့် မိဘ၊ ဆရာသမားတို့ကို ရိုသေလေးစားပြီး ဘာသာတရား၏ အဆုံးအမနှင့်အညီ ကိုယ်ချင်းစာမှု၊ သည်းခံခွင့်လွှတ်မှုဟူသည့် အခြေခံစိတ်ဓာတ်ကောင်းများ မွေးမြူကြရမည်ဖြစ်ကြောင်း၊ အများကလေးစား အတု ယူရမည့် စံပြပုဂ္ဂိုလ်များဖြစ်အောင် အပတ်တကုတ် ကြိုးစားအားထုတ်ကြရန် မှာကြားလိုကြောင်း။
ယခုကဲ့သို့ ၂၁ ရာစု အသိပညာခေတ်၏ စိန်ခေါ်မှုများကို ရင်ဆိုင်နိုင်ရန်မှာ ဘဝ တစ်သက်တာ လေ့လာသင်ယူနေရန်၊ စွမ်းဆောင်ရည် ပြည့်ဝနေရန်လိုကြောင်း၊ ထိုသို့ ဆိုပါက မိမိတို့ကိုယ်တိုင် အစဉ်အမြဲလေ့လာသင်ယူနေရန်နှင့် ပြင်ပဗဟုသုတနှင့် အသိပညာအတွက် စာအုပ်စာပေများ ဖတ်ရှုရမည်ဖြစ်ကြောင်း၊ “ဖတ်လျှင် အမြင်ကျယ်၊ မှတ်လျှင် ပညာမြင့်၊ ကျင့်သော် အောင်မြင်၊ သင်သော် ထူးချွန်၊ ဘဝအတွက် စာကောင်းပေမွန်” ဆိုသည့် စကားအတိုင်း စာပေလေ့လာ ဖတ်ရှုသည့် အလေ့အကျင့် ကို စွဲစွဲမြဲမြဲ လုပ်ဆောင်သွားကြရန် မှာကြားလိုကြောင်း။
ထို့အပြင် ပညာသင်ရာဌာနများ ဖြစ်သည့် အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်များတွင်လည်း လူငယ်စကားဝိုင်းများ၊ စာပေဟောပြောပွဲများ၊ သုတေသန စာတမ်းဖတ်ပွဲများ၊ ပညာရေးနှီးနှောဖလှယ်ပွဲများနှင့် လူငယ်များကို ဘက်ပေါင်းစုံ ထူးချွန်စေမည့်၊ ဗလငါးတန်ပြည့်ဝစေမည့် လှုပ်ရှားဆောင်ရွက်မှုများ ကျင်းပပေးကြ ရန် လေးလေးနက်နက် မှာကြားလိုကြောင်း။
မိမိတို့နိုင်ငံကိုကဏ္ဍစုံဖွံ့ဖြိုးတိုးတက်သည့် ဒီမိုကရေစီပြည်ထောင်စုအဖြစ် တည်ဆောက်နိုင်ရေးအတွက် ထူးချွန်ထက်မြက်သည့် အသိပညာရှင်၊ အတတ်ပညာရှင် လူ့ စွမ်းအားအရင်းအမြစ်များ အများကြီး လိုအပ်ကြောင်း၊ ထို့ကြောင့် “နိုင်ငံတော်ဖွံ့ဖြိုးဖို့ ပညာရေးကို အားပေးစို့” ဟူသည့် ဆောင်ပုဒ်နှင့်အညီ ပညာရေးကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် နိုင်ငံတော်အစိုးရနှင့်အတူ မိဘများ၊ ဆရာများ အပါအဝင် တာဝန်ရှိသူ များနှင့် နိုင်ငံသားအားလုံးက တစိုက်မတ်မတ် အလေးထားဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားလိုကြောင်း။
“လူရည်ချွန်” ဟူသည့် ဂုဏ်သိက္ခာနှင့် လျော်ကန်သင့်မြတ်သည့် တာဝန်ဝတ္တရား ကို ကျေပွန်အောင် ထမ်းဆောင်ကြရန်၊ အမျိုးသားအကျိုးစီးပွား တိုးတက်မြင့်မားရေး အတွက် ကျရာအခန်းကဏ္ဍမှ တစ်တပ်တစ်အား ပူးပေါင်းပါဝင်ကြရန်၊ နိုင်ငံတကာ အသိုက်အဝန်းတွင် ခေတ်မီဖွံ့ဖြိုးတိုးတက်သည့်နိုင်ငံအဖြစ်ခန့်ညားထည်ဝါစွာရပ်တည် နိုင်ရေး အစဉ်တစိုက် ကြိုးပမ်းကြရန်၊ မျိုးချစ်စိတ်ဓာတ်၊ နိုင်ငံချစ်စိတ်များနှင့် စည်းလုံး ညီညွတ်ပြီး အနာဂတ်နိုင်ငံတော်ကြီး တည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်အောင် ကြိုးစားဆောင်ရွက်ပေးကြရန် တိုက်တွန်း မှာကြားလိုကြောင်းဖြင့် ပြောကြားခဲ့သည်ဟု သိရသည်။