Myanmar Hard Talk
MHTNEWS❝ပြည်တွင်းကုန်ထုတ်လုပ်မှုများကို အားပေးဆောင်ရွက်၍ စီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သွားကြရမည်ဟု နိုင်ငံတော်သမ္မတပြောကြား❞
𝙈𝙃𝙏𝙉𝙀𝙒𝙎《𝙈𝘼𝙔~𝟔》
နိုင်ငံတော်၏ စီးပွားရေးပိုင်းဆိုင်ရာများနှင့်ပတ်သက်ပြီး “နိုင်ငံတော်ရွှေသီးဖို့ ကုန်ထုတ်လုပ်မှု အားပေးစို့” ဟု ဆောင်ပုဒ်ချမှတ်ထားသည်နှင့်အညီ ပြည်တွင်းကုန်ထုတ်လုပ်မှုများကို အားပေးဆောင်ရွက်၍ စီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးတွင် ပြောကြားခဲ့သည်။
ယင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံးတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး နိုင်ငံ့စီးပွားတိုးတက်ရေးအတွက် ကုန်ထုတ်လုပ်မှုသည် မဖြစ်မနေဆောင်ရွက်ရမည့် လုပ်ငန်းရပ်ဖြစ်ကြောင်းကိုလည်း ထည့်သွင်းပြောကြားခဲ့သည်။
အလားတူ ကုန်သွယ်မှုတွင် အဓိကကျသည့် ပို့ကုန်၊ သွင်းကုန်များကို လေ့လာဆန်းစစ်ချက်များအရ မိမိတို့နိုင်ငံမှ အထည်ချုပ်လုပ်ငန်းထုတ်ကုန်များ၊ စိုက် ပျိုးမွေးမြူရေးထုတ်ကုန်များအား ပြည်ပသို့တင်ပို့လျက်ရှိပြီး ပြည်ပမှ လောင်စာဆီများ၊ စားသုံးဆီများ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများနှင့် အခြားကုန်ပစ္စည်းများကို တင်သွင်းနေရပြီး ကုန်သွယ်မှုလိုငွေရှိနေဆဲဖြစ်သဖြင့် နိုင်ငံ့စီးပွားရေးနှင့် ပတ်သက်ပြီး မိမိတို့အနေဖြင့် ယခုထက်ပိုမို၍ ကြိုးပမ်းလုပ်ဆောင်သွားကြရန်လိုအပ်သည်ဟု အဖြေထွက်မည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့ပြင် နိုင်ငံတော်တွင် ကြုံတွေ့ဖြတ်သန်းခဲ့ရသည့် သမိုင်းကြောင်းဆိုင်ရာများ၊ ခေတ်စနစ်အတွေ့အကြုံများအပေါ်တွင် သင်ခန်းစာယူ၍ မိမိတို့အစိုးရအနေဖြင့် ကောင်းမွန်သည့် ဦးဆောင်မှုများဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကို ဦးလည်မသုန် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်းနှင့် ပြည်သူများက ရွေးချယ်ထားသည့်အစိုးရဖြစ်သဖြင့် မိမိတို့အနေဖြင့် နိုင်ငံ့စီးပွားတိုးတက်စေရေး ဆောင်ရွက်ပေးရန်လိုကြောင်း ပြောကြားသည်။
ဆက်လက်၍လည်း နိုင်ငံတော်သမ္မတက အချို့သောနိုင်ငံများအနေဖြင့် ပြည်သူများကရွေးချယ်ထားသည့် ဒီမိုကရေစီနည်းလမ်းနှင့်အညီ တာဝန်ထမ်းဆောင်နေသည့် မိမိတို့အစိုးရအပေါ်၌ ကန့်သတ်မှုများ၊ စီးပွားရေးပိတ်ဆို့မှုများကို ဖိအားပေးလုပ်ဆောင်နေကြဆဲဖြစ်ကြောင်း၊ ဒီမိုကရေစီနည်းလမ်းတကျ မိမိဆန္ဒဖြင့် လာရောက်မဲပေးကြသူများကို ဒီမိုကရေစီနိုင်ငံများမှ တန်ဖိုးထားရန်လိုပါကြောင်း၊ မည်ကဲ့သို့ပင်ဖြစ်စေ မိမိတို့အနေဖြင့် ပါတီစုံဒီမိုကရေစီစနစ်ကို ခိုင်ခိုင်မာမာဖြစ်စေရေး ဆက်လက်ဆောင်ရွက်ပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကို ဆက်လက်အကောင်အထည်ဖော် တည်ဆောက်သွားမည်ဖြစ်ကြောင်း၊ ဒီမိုကရေစီစနစ်နှင့်လျော်ညီသည့် ပြောင်းလဲမှုများကိုလည်း ဖော်ဆောင်သွား မည်ဖြစ်ကြောင်း။
ဒီမိုကရေစီစနစ်ကို လျှောက်လှမ်းရာတွင် ခေတ်စနစ်နှင့်လျော်ညီသည့် ဖွံ့ဖြိုး တိုးတက်မှုကို ရရှိအောင်ဆောင်ရွက်ကြရမည်ဖြစ်သကဲ့သို့ မိမိတို့၏ အမျိုးသားရေး စရိုက်လက္ခဏာများကိုလည်း မပျောက်ပျက်အောင် ထိန်းသိမ်းဆောင်ရွက်ကြရန်လိုကြောင်း၊ အမျိုး၊ ဘာသာသာသနာ၊ ထုံးတမ်း စဉ်လာများ၊ ယဉ်ကျေးမှုအမွေအနှစ်များ နှင့်ပတ်သက်၍ မိမိတို့အနေဖြင့် စဉ်ဆက်မပြတ် ထိန်းသိမ်းစောင့်ရှောက်သွားရန် တာဝန်ရှိကြောင်း၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများအနေဖြင့်လည်း အားနည်းချက်ရှိသည်များကိုပြင်ဆင်၍ ထိန်းသိမ်းစောင့်ရှောက်သွားရန် လိုအပ်သည်များကို ထိန်းသိမ်းသွားကြရန်လိုကြောင်းဖြင့် ပြောကြားခဲ့သည်ဟု သိရသည်။