Myanmar Hard Talk

Myanmar Hard Talk

MHTNEWS

❝နိုင်ငံတကာနည်းတူ မြို့ပြရှာဖွေကယ်ဆယ်ရေးအဖွဲ့ (Urban Search Rescue) Medium Team အဆင့် အဖွဲ့ (၂)ဖွဲ့ ဖွဲ့စည်းနိုင်ရေး နိုင်ငံတော်က ခွင့်ပြုပေးထား❞


𝙈𝙃𝙏𝙉𝙀𝙒𝙎《𝙈𝘼𝙔~𝟔》


မန္တလေးငလျင်ဖြစ်စဉ်အပေါ် သင်ခန်းစာဖော်ထုတ်ပြီး နိုင်ငံတကာနည်းတူ မြို့ပြရှာဖွေကယ်ဆယ်ရေးအဖွဲ့ (Urban Search Rescue) Medium Team အဆင့် အဖွဲ့ (၂)ဖွဲ့ကို ဖွဲ့စည်းနိုင်ရေး နိုင်ငံတော်က ခွင့်ပြုပေးထားပြီးဖြစ်သည်ဟု ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော် ဒုတိယသမ္မတ ဦးညိုစော၏ ပြောကြားမှုအရ သိရသည်။


မေလ ၅ ရက်၊ နံနက်ပိုင်းက နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန - ၁ (MICC – I)၌ ကျင်းပပြုလုပ်သော နှစ်(၈၀)ပြည့် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့အခမ်းအနားတွင် ပြောကြားခဲ့ခြင်းဖြစ်ပြီး တပ်ဖွဲ့ဝင်များ၏ လုပ်ငန်းစွမ်းဆောင်ရည် တိုးတက်မြင့်မား စေရေးစဉ်ဆက်မပြတ် လေ့ကျင့်ပြင်ဆင်ဆောင်ရွက်သွားကြရန်လည်း ဒုတိယသမ္မတ(၁) က တိုက်တွန်းမှာကြားခဲ့သည်။


အလားတူ နိုင်ငံတကာစွမ်းရည်ပြိုင်ပွဲများ၌ မီးသတ်တပ်ဖွဲ့ဝင်များအနေဖြင့် ဆုတံဆိပ်များရယူပြီး နိုင်ငံ့ဂုဏ်ဆောင်နိုင်ခဲ့ခြင်း အပေါ်၌လည်း များစွာကျေနပ်အားရမိပါကြောင်းနှင့် ထိုကဲ့သို့ အစဉ်အလာကောင်းများကို ဆက်လက်ထိန်းသိမ်းသွားကြရန် အလေးအနက်ထား တိုက်တွန်းမှာကြားခဲ့သည်။


ထို့ပြင် အနာဂတ်မီးသတ်တပ်ဖွဲ့သည် ပိုမိုခိုင်မာအားကောင်းသည့် ဖွဲ့စည်းပုံ၊ ပိုမိုမြင့်မားသည့် စွမ်းဆောင်ရည်များနှင့် နိုင်ငံတကာကို ရင်ပေါင်တန်းနိုင်သည့် အဖွဲ့အစည်းတစ်ရပ်အဖြစ် ဆက်လက် ရပ်တည်နိုင်ရန် လိုအပ်သဖြင့် မီးသတ်တပ်ဖွဲ့ဝင်အားလုံး စည်းကမ်းတကျနှင့် လေ့ကျင့်မှုမပျက်စေဘဲ တစ်ဦးချင်းကိုယ်ရည်ကိုယ်သွေး တိုးတက်စေရန် ကြိုးပမ်းကြရမည်ဖြစ်သကဲ့သို့ ပြည်သူ့ဝန်ထမ်းကောင်းများအဖြစ် တာဝန်သိစိတ် မြင့်မားစွာ ဆက်လက်ကြိုးပမ်းဆောင်ရွက် ကြရမည်ဖြစ်ကြောင်း ပြောကြားသည်။


ဆက်လက်၍လည်း ဒုတိယသမ္မတ(၁) က မိမိတို့အသက်နှင့် ခန္ဓာကိုယ်ကို အရင်းတည်ပြီး ကူညီကယ်တင်ဆောင်ရွက်ရခြင်းကြောင့် ခေတ်အဆက်ဆက် တာဝန်ထမ်းဆောင်ရင်း စွန့်လွှတ်စွန့်စားသွားကြသည့် မီးသတ်တပ်ဖွဲ့ဝင်များ၏ ဂုဏ်ဒြပ်ကို လေးစားဂုဏ်ယူပြီး ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကို စောင့်ရှောက်ကာကွယ်နိုင်သည့် ပြည်သူအားကိုးရသော တပ်ဖွဲ့ကြီးအဖြစ် နောင်နှစ်ပေါင်းများစွာ အဓွန့်ရှည်ကြာအောင် ကြိုးစားတည်ဆောက်သွားကြရန် လို ကြောင်းဖြင့်လည်း တိုက်တွန်းပြောကြားခဲ့သည်ဟု သိရသည်။

Report Page