Myanmar Hard Talk
MHTNEWS❝KNU/PDF အကြမ်းဖက်သမားများ၏မိုင်းကြောင့် အရပ်သား အမျိုးသမီး ၃ ဦးနှင့် အမျိုးသား ၁ ဦးတို့ ဒဏ်ရာရ❞
𝙈𝙃𝙏𝙉𝙀𝙒𝙎《𝙈𝘼𝙔~𝟓》
KNU/PDF အကြမ်းဖက်သမားများထောင်ထားသည့် မိုင်းပေါက်ကွဲမှုများကြောင့် အရပ်သား အမျိုးသမီး ၃ ဦးနှင့် အမျိုးသား ၁ ဦးတို့ ဒဏ်ရာရရှိခဲ့သည့်ဖြစ်စဥ်များ ပဲခူးတိုင်းဒေသကြီး ထန်းတပင်မြို့နယ်၊ တနင်္သာရီတိုင်းဒေသကြီး သရက်ချောင်းမြို့နယ်နှင့် မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်မှာ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဥ်များမှာ မေလ ၄ ရက်၊ နံနက် ၁၀ နာရီ ၄၅ မိနစ်တွင် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်ပြည်သူ့ဆေးရုံ၌ ဗုံးသီးပေါက်ကွဲစထိမှန်ဒဏ်ရာဖြင့် အမျိုးသမီး ၂ ဦးရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ဒဏ်ရာရရှိသူများမှာ ထန်းတပင်မြို့နယ်၊ ဘွားအေစုကျေးရွာနေ မဝါဝါအောင်(၁၇)နှစ်နှင့် မမိုးပြည့်ပြည့်လွင်(၁၆)နှစ်တို့ဖြစ်ကြောင်း သိရှိခဲ့ရသည်။
၎င်းတို့နှစ်ဦးသည် မေလ ၃ ရက်နေ့ ညနေ ၅ နာရီအချိန်က မဝါဝါအောင်၏နေအိမ်၌ အတူရှိနေစဉ် နေအိမ်အနီးသို့ KNU အကြမ်းဖက်အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့က ပစ်ခတ်လိုက်သည့် လက်နက်ကြီးဗုံးသီးတစ်လုံး ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။
အလားတူ မေလ ၄ ရက်၊ နံနက် ၁၁ နာရီအချိန်ကလည်း သရက်ချောင်းမြို့နယ်၊ စုံစင်ဖျားကျေးရွာနေ ဦးညိုသိန်း (၄၇)နှစ်သည် စုံစင်ဖျားကျေးရွာအနီး မြိတ်-ထားဝယ်ကားလမ်းဘေးရှိ ၎င်းပိုင်ဥယျာဉ်ခြံ၌ အလုပ်လုပ်ကိုင်နေစဉ် PDF အမည်ခံ အကြမ်းဖက်အဖွဲ့ထောင်ထားသည့် မိုင်းတစ်လုံးကို နင်းမိပေါက်ကွဲခဲ့မှုကြောင့် ဒဏ်ရာများရရှိခဲ့သဖြင့် ဆေးကုသနိုင်ရေး ထားဝယ်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရသည်။
ထို့ပြင် မေလ ၄ ရက်၊ မွန်းလွဲ ၂ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်ပြည်သူ့ဆေးရုံ၌ မိုင်းပေါက်ကွဲစထိမှန်ဒဏ်ရာများဖြင့် အမျိုးသမီးတစ်ဦးရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေး တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ်ကို စိစစ်ခဲ့သည်။
စစ်ဆေးမှုအရ ယင်းနေ့ မွန်းလွဲ ၁၂ နာရီခွဲတွင် မိုးကုတ်မြို့နယ်၊ ဖြူရောင်ကျေးရွာနေ ဒေါ်သီတာ(၅၃)နှစ်သည် ကျေးရွာအနီးရှိ တောအတွင်း၌ ထင်းခုတ်နေစဉ် PDF အမည်ခံ အကြမ်းဖက်အဖွဲ့ထောင်ထားသည့် မိုင်းတစ်လုံးကို နင်းမိပေါက်ကွဲခဲ့မှုကြောင့် ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။