Myanmar Hard Talk
MHTNEWS❝နေပြည်တော်တွင်ပြုလုပ်သည့် မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်သို့ နိုင်ငံတော်သမ္မတနှင့် ဇနီး တက်ရောက်ချီးမြှင့်❞
𝙈𝙃𝙏𝙉𝙀𝙒𝙎《𝘼𝙋𝙍~𝟏𝟒》
နေပြည်တော် မြန်မာ့ရိုးရာအတာသင်္ကြန်ကို နေပြည်တော်မြို့တော်ဝန်မဟာသင်္ကြန်မဏ္ဍပ်၌ ဧပြီ ၁၃ ရက်က စတင် ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှတို့ တက်ရောက်ချီးမြှင့်ခဲ့သည်ဟု သိရသည်။
အလားတူ ဒုတိယသမ္မတ ဦးညိုစောနှင့်ဇနီး ဒေါ်စမ်းစမ်းအေး၊ ဒုတိယသမ္မတ ဒေါ်နန်းနီနီအေး၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့်ဇနီးများ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီး၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့်ဇနီး၊ ပြည်ထောင်စုဝန်ကြီးများနှင့်ဇနီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများလည်း တက်ရောက်ခဲ့ကြသည်။
အဆိုပါ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို မြန်မာမှု၊ မြန်မာ့ဟန်၊ မြန်မာ့ရိုးရာယဉ်ကျေးမှုအစဉ်အလာနှင့်အညီ ကျင်းပပြုလုပ်ပြီး ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာနမှ အနုပညာရှင်များ၊ ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ အနုပညာရှင်များက မြန်မာ့ရိုးရာအတာတေးသီချင်းများ၊ ယိမ်းအကအလှများဖြင့် သီဆိုကပြဖျော်ဖြေမှုများကို နိုင်ငံတော်သမ္မတနှင့် ဇနီးနှင့် အခမ်းအနား တက်ရောက်လာကြသူများက ကြည့်ရှုအားပေးကြသည်။
နိုင်ငံတော်သမ္မတနှင့်ဇနီးတို့ကလည်း အခမ်းအနားတက်ရောက်လာကြသည့် ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ အခမ်းအနားတက်ရောက်လာကြသူများ၊ ယိမ်းအကအဖွဲ့များအား အတာသင်္ကြန်ရေကို မြန်မာ့ရိုးရာအစဉ်အလာနှင့်အညီ ပက်ဖျန်းပေးပြီး မြို့တော်ဝန်မဏ္ဍပ်မှ နေပြည်တော်လမ်းလျှောက်သင်္ကြန် ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်မည့် နေပြည်တော်ရင်ပြင်သို့ သွားရောက်ရာလမ်းတစ်လျှောက်၌ ယိမ်းအကအဖွဲ့များက ကြိုဆိုနှုတ်ဆက်ကြသည်။
ထို့နောက် ဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်ရာ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်း၊ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထိန်လင်းနှင့် ဟိုတယ်၊ခရီးသွားလာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်တို့က နေပြည်တော်လမ်းလျှောက်သင်္ကြန် မုခ်ဦးအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
နိုင်ငံတော်သမ္မတနှင့် ဇနီးအပါအဝင် အခမ်းအနားတက်ရောက်လာကြသူများမှ ယိမ်းအကဖွဲ့များ၏ ကပြဖျော်ဖြေမှုများကို ကြည့်ရှုအားပေးပြီး မြန်မာ့ရိုးရာသနပ်ခါးနှင့် လက်ဖက်၊ ထမနဲမဏ္ဍပ်များကို လိုက်လံကြည့်ရှုအားပေးခဲ့ကြသလို နေပြည်တော်ရင်ပြင်အတွင်းရှိ မြန်မာ့ရိုးရာယဉ်ကျေးမှုဇုန်နှင့် ဝန်ကြီးဌာန ရေကစားမဏ္ဍပ်များကိုလည်း လှည့်လည်ကြည့်ရှု၍ မြန်မာ့ရိုးရာအတာသင်္ကြန်ကို ပြည်သူများနှင့်အတူတကွ ပါဝင်ဆင်နွှဲခဲ့ကြသည်ဟု သိရသည်။