Myanmar Hard Talk

Myanmar Hard Talk

MHTNEWS

❝မအူပင် (တောင်) ရေနံနှင့်သဘာဝဓာတ်ငွေ့မြေမှ သဘာဝဓာတ်ငွေ့များ တိုးတက်ထွက်ရှိလာ ❞


≋ကုန်းတွင်းရေနံမြေအသစ် ထပ်မံရှာဖွေမှုအနေဖြင့် ဆိုက်စမစ် တိုင်းတာမှုများဆောင်ရွက်လျက်ရှိပြီး အစမ်းတွင်းများတူးဖော်နိုင်ရေး စီမံဆောင်ရွက်သွားမည်ဟုဆို≋


𝙈𝙃𝙏𝙉𝙀𝙒𝙎《𝘼𝙋𝙍~𝟏𝟎》


ဧရာဝတီတိုင်းဒေသကြီး မအူပင်မြိုရှိ မအူပင် (တောင်) ရေနံနှင့်သဘာဝဓာတ်ငွေ့မြေတွင် သဲကြောများကို သုတေသနပြုဆန်းစစ်ပြီး ဖောက်ယူရာမှ သဘာဝဓာတ်ငွေ့များ တိုးတက်ထွက်ရှိခဲ့ကြောင်း စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်နိုင်ဝင်းက အဆိုပါ မအူပင် (တောင်) ရေနံနှင့်သဘာဝဓာတ်ငွေ့မြေရှိ တွင်းအမှတ် ၁၆၊ ၁၈၊ ၂၀ တို့သို့ သွားရောက်ကြည့်ရှုစဥ် ပြောကြားသည်။


ဒုတိယဝန်ကြီး ဦးကျော်နိုင်ဝင်းသည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဧပြီလ ၉ ရက်နေ့က မအူပင် (တောင်) ရေနံနှင့်သဘာဝဓာတ်ငွေ့မြေသို့ သွားရောက်ကြည့်ရှု အားပေးခဲ့ခြင်းဖြစ်ပြီး ပြည်တွင်းရှိ ရေနံနှင့်သဘာဝဓာတ်ငွေ့မြေများမှ ရေနံနှင့်သဘာဝဓာတ်ငွေ့များ ပိုမိုတိုးတက်ထုတ်လုပ်နိုင်ရေး ခေတ်မီနည်းပညာများအသုံးပြုပြီး လုပ်ဆောင်ကြရန်လိုကြောင်းကိုလည်း မှာကြားခဲ့သည်။


အဆိုပါ မအူပင် (တောင်) ရေနံနှင့်သဘာဝဓာတ်ငွေ့မြေရှိ တွင်းအမှတ် ၁၈ မှ သဲကြောများကို ဖေဖော်ဝါရီ ၂၆ ရက်တွင် ဖောက်ယူရာမှ တစ်ရက်လျှင် သဘာဝဓာတ်ငွေ့ ကုဗပေ ၁ ဒသမ ၆ သန်းနှင့် လေဆီ ၈ စည်ကိုလည်းကောင်း၊ တွင်းအမှတ် ၂၀ ကို မတ် ၁၅ ရက်တွင် ဖောက်ယူရာမှ တစ်ရက်လျှင် သဘာဝဓာတ်ငွေ့ ကုဗပေ ၁ ဒသမ ၅ သန်းနှင့် လေဆီ ၇ စည်ကိုလည်းကောင်း၊ တွင်းအမှတ် ၁၆ ကို ဧပြီ ၃ ရက်တွင် ဖောက်ယူရာမှ တစ်ရက်လျှင် သဘာဝဓာတ်ငွေ့ကုဗပေ ၁ ဒသမ ၆ သန်းနှင့် လေဆီ ၈ စည်ကိုလည်းကောင်း တိုးတက်ထုတ်လုပ်နိုင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။


အလားတူ မြန်မာနိုင်ငံအတွင်းရှိ ရေနံနှင့် သဘာဝဓာတ်ငွေ့များ ထုတ်ယူရရှိနေသည့် ကုန်းတွင်းရေနံမြေများအနက် မအူပင် (တောင်)ဒေသမှထွက်ရှိသည့် သဘာဝဓာတ်ငွေ့များသည် C3 (ပရိုပိန်း) ၊C4 (ဗျူတိန်း) ပါဝင်မှုများပြားရာ မီးဖိုချောင်သုံးရေနံဓာတ်ငွေ့ရည် (LPG) နှင့် Naphtha ဓာတ်ဆီတို့ကို ပထမအဆင့်အနေဖြင့် ထုတ်ယူနိုင်ကြောင်း ပြောကြားသည်။


ထို့ပြင် မီးဖိုချောင်သုံးရေနံဓာတ်ငွေ့ရည် (LPG) နှင့် Naphtha ဓာတ်ဆီထုတ်ယူထားပြီးသော ဓာတ်ငွေ့များကို ဒုတိယအဆင့်အနေဖြင့် ဓာတ်မြေဩဇာစက်ရုံများ၊ စက်ရုံအလုပ်ရုံများနှင့် မော်တော်ယာဉ်သုံး သဘာဝဓာတ်ငွေ့အရောင်းဆိုင်များသို့ ဆက်လက်ဖြန့်ဖြူးပေးနိုင်သည့်အတွက် လွန်စွာတန်ဖိုးရှိသော သဘာဝဓာတ်ငွေ့ဖြစ်ကြောင်းပြောကြားပြီး ဂုဏ်ပြုဆုငွေနှင့်လက်ဆောင်ပစ္စည်းများကို ပေးအပ်ခဲ့သည်။


လက်ရှိ တိုးတက်ထွက်ရှိလာသည့် သဘာဝဓာတ်ငွေ့များသည် မြန်မာပြည်အောက်ပိုင်းဒေသရှိ သဘာဝဓာတ်ငွေ့သုံးစွဲမှုကဏ္ဍတွင် များစွာအထောက်အကူပြုမည်ဖြစ်ပြီး ရန်ကုန်မြို့ရှိ သဘာဝဓာတ်ငွေ့သုံးမော်တော်ယာဉ်များအတွက် သဘာဝဓာတ်ငွေ့များကို ပိုမိုဖြန့်ဖြူးပေးနိုင်မည်ဖြစ်ရာ လတ်တလောဖြစ်ပေါ်နေသည့် စက်သုံးဆီအကျပ်အတည်းကို အထိုက်အလျောက်လျော့နည်းသက်သာစေမည်ဖြစ်ပြီး ကုန်းတွင်းရေနံမြေအသစ် ထပ်မံရှာဖွေမှုအနေဖြင့် ဆိုက်စမစ် တိုင်းတာမှုများဆောင်ရွက်လျက်ရှိပြီး အစမ်းတွင်းများတူးဖော်နိုင်ရေးကိုလည်း စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် စီမံဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

Report Page