Myanmar Hard Talk
MHTNEWS❝ပြစ်ဒဏ်မှ လွတ်မြောက်လာသည့် ထိုင်းရောက် မြန်မာနိုင်သား ၈၀ နီးပါးကို အမိမြေသို့ ပြန်လည်ပို့ဆောင်❞
𝙈𝙃𝙏𝙉𝙀𝙒𝙎《𝘼𝙋𝙍~𝟖》
ထိုင်းနိုင်ငံအတွင်း အကြောင်းအမျိုးမျိုးဖြင့် ပြစ်ဒဏ်ကျခံပြီးနောက် ရနောင်းထိန်းသိမ်းရေးစခန်းတွင် ထိန်းသိမ်းထားသော မြန်မာနိုင်ငံသား ၈၀ နီးပါးကို ဧပြီလ ၇ ရက်နေ့ နေ့လယ် ၁၁ နာရီအချိန်က မြန်မာနိုင်ငံ၊ ကော့သောင်းဘက်သို့ ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း ရနောင်းလဝကရုံး၏ ထုတ်ပြန်မှုအရ သိရသည်။
အဆိုပါ မြန်မာနိုင်ငံသားများထဲတွင် အမျိုးသား ၆၄ ဦးနှင့် အမျိုးသမီး ၁၄ ဦးပါဝင်သည်ဟု သိရပြီး ယခုနှစ် ဇန်နဝါရီလတွင် မြန်မာနိုင်ငံသား ၁၆၈ ဦးတို့ကို (၂) ကြိမ်ခွဲ၍ ပို့ဆောင်ခဲ့သလို ဖေဖော်ဝါရီလတွင် ၁၂၈ ဦးကို (၂) ကြိမ်၊ မတ်လတွင် ၁၉၃ ဦးကို (၂) ကြိမ်နှင့် ယခု ဧပြီလတွင် ၇၈ ဦးတို့ကို ပို့ဆောင်ခဲ့သဖြင့် ၂၀၂၆ ခုနှစ်အတွင်း (၇) ကြိမ်မြောက် ပို့ဆောင်ခဲ့ရာ၌ မြန်မာနိုင်ငံသားစုစုပေါင်း ၅၆၇ ဦးအထိရှိကြောင်း သတင်းမှတ်တမ်းများက ဆိုထားသည်။
ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်အတွင်းကလည်း ရနောင်းမှ ကော့သောင်းသို့ နေရပ်ပြန်ပို့ခံရမှု ၁၆ ကြိမ်ရှိခဲ့ပြီး နေရပ်ပြန်ပို့ခံရသူ ၂၀၇၂ ဦးရှိခဲ့သလို ၂၀၂၄ ခုနှစ်တွင် ရနောင်းထိန်းသိမ်းရေးစခန်းမှ ကော့သောင်းသို့ ပြန်လွှဲပြောင်းပေးမှုအကြိမ်ရေ စုစုပေါင်း ၁၄ ကြိမ်ရှိကာ မြန်မာနိုင်ငံသား ၂၀၀၅ ဦးအထိ နေရပ်ပြန်ပို့ခဲ့ပြီးဖြစ်ကြောင်း သိရသည်။