Myanmar Hard Talk
MHTNEWS❝မန္တလေးမြို့အတွင်း ပြန်လည်ရောင်းချမည့် ငွေကျပ် ၁၅ ဒသမ ၀၂ ဘီလီယံခန့် တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို လင်မယား ၂ ဦးထံမှဖမ်းဆီးရမိ❞
𝙈𝙃𝙏𝙉𝙀𝙒𝙎《𝘼𝙋𝙍~𝟖》
မန္တလေးမြို့အတွင်း ပြန်လည်ရောင်းချရန်အတွက် ရှမ်းပြည်နယ် (မြောက်ပိုင်း)မှ ပေးပို့လိုက်သော ငွေကျပ် ၁၅ ဒသမ ၀၂ ဘီလီယံခန့် တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ဒေါင်းရွေးကျေးရွာတွင်နေထိုင်သည့် လင်မယား ၂ ဦးထံမှဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ပြည်ကြီးတံခွန်မြို့နယ်အတွင်း မူးယစ်ဆေးဝါးရောင်းချနေသူများရောက်ရှိနေကြောင်း တာဝန်သိပြည်သူတစ်ဦး၏ သတင်းပေးချက်အရ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးရမိရေးဆောင်ရွက်ခဲ့ရာ ၂၀၂၆ ခုနှစ်၊ ဧပြီလ ၆ ရက် နံနက် ၈နာရီ ၃၀မိနစ်ခန့်တွင် ပြည်ကြီးတံခွန်မြို့နယ်၊ (ဆ) ရပ်ကွက်၊ ၅၄(ဘီ)လမ်း၊ ၁၂၈ x ၁၂၉ လမ်းကြား၌ အဆိုပါလင်မယားကို ဖမ်းမိခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။
ဖမ်းဆီးရမိသူများမှာ အောင်ကျော်စိုးနှင့် ဇနီးဖြစ်သူ သူဇာသန်း (ခ) သီတာတို့ဖြစ်သည်ဟု သိရပြီး ၎င်းတို့နေထိုင်ရာ အမရပူရမြို့နယ်၊ ဒေါင်းရွေးကျေးရွာရှိ နေအိမ်သို့ သွားရောက်ရှာဖွေခဲ့ရာ စိတ်ကြွရူးသွပ်ဆေးပြား ၉၉.၂၂ သိန်းပြား(ခန့်မှန်းတန်ဖိုး ၁ ပြားလျှင် ၁၅၀၀ ကျပ်)၊ ဘိန်းဖြူ ၅.၅ ကီလို ဂရမ်(ခန့်မှန်းတန်ဖိုး ၁ ကီလိုဂရမ်လျှင် ငွေကျပ်သိန်း ၂၅၀ ကျပ်)၊ စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅ ဒသမ ၀၂ ဘီလီယံခန့်ကို တွေ့ရှိသိမ်းဆည်းရမိခဲ့သည်ဟု သိရသည်။
ဖမ်းဆီးရမိသူများ၏ ထွက်ဆိုချက်အရ ဖမ်းဆီးရန်ကျန်ရှိသည့် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နေ အိုက်ချွမ် (ဖမ်းဆီးရန်ကျန်) က မူးယစ်ဆေးဝါးများကို မန္တလေးမြို့အတွင်း ပြန်လည်ရောင်းချရန် ၎င်း၏ အစီအစဉ်ဖြင့် အမရပူရမြို့နယ်၊ ဒေါင်းရွေးကျေးရွာရှိ အောင်ကျော်စိုးနှင့် ဇနီးဖြစ်သူ သူဇာသန်း (ခ) သီတာ တို့၏နေအိမ်သို့ ပို့ဆောင်ပေးခဲ့ခြင်းကြောင်း ပေါ်ပေါက်ခဲ့သည်။
အလားတူ အိုက်ချွမ် (ဖမ်းဆီးရန်ကျန်) ပို့ဆောင်ပေးသည့် အဆိုပါ မူးယစ်ဆေးဝါးများကို အောင်ကျော်စိုးနှင့် ဇနီးဖြစ်သူ သူဇာသန်း (ခ)သီတာတို့က မန္တလေးမြို့တွင် ပြန်လည်ဖြန့်ဖြူးရောင်းချခဲ့ကြောင်း ဝန်ခံထားသဖြင့် ၎င်းတို့ကို ဥပဒေအရ ထိရောက်စွာအရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး ဆက်စပ်ပါဝင်ပတ်သက်သူများကိုလည်း ဖော်ထုတ်ဖမ်းဆီးရမိရေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။