Myanmar Hard Talk

Myanmar Hard Talk

MHTNEWS

❝တိုင်းပြည်နှင့်လူမျိုးအပေါ် တာဝန်ပျက်ကွက်ခြင်း၊ ပေါ့ဆမှုနှင့် လုပ်ဆောင်မှုလွဲမှားခြင်းများကြောင့် အချို့အကြီးအကဲများနှင့် ခေါင်းဆောင်မှု တာဝန်ယူထားသူအချို့ကို မလွှဲမရှောင်သာ လက်တွဲဖြုတ်ခဲ့ရကြောင်း ဗိုလ်ချုပ်မှူးကြီး ပြောကြား❞


𝙈𝙃𝙏𝙉𝙀𝙒𝙎《𝘼𝙋𝙍~𝟔》


မိမိတို့ တာဝန်ယူခဲ့သည့် ၅ နှစ်တာကာလအတွင်း၌ အချို့အကြီးအကဲများနှင့် ခေါင်းဆောင်မှု တာဝန်ယူထားသူအချို့သည် တိုင်းပြည်နှင့်လူမျိုးအပေါ် တာဝန် ပျက်ကွက်ခြင်း၊ ပေါ့ဆမှုနှင့် လုပ်ဆောင်မှုလွဲမှားခြင်းများနှင့် လုပ်ထုံးလုပ်နည်းနှင့် မညီသည်များအချို့ရှိခဲ့သည်ကို စိတ်မကောင်းစွာ ကြုံတွေ့ခဲ့ရသဖြင့် အခက်အခဲကြားက နိုင်ငံကိုတည်ဆောက်ရာတွင် မဖြစ်သင့်မဖြစ်ထိုက်သည်များ မဖြစ်ရအောင် ထိန်းထိန်းသိမ်းသိမ်းဖြင့် မလွှဲမရှောင်သာ ဆောင်ရွက်ရခြင်း၊ လက်တွဲဖြုတ်ခဲ့ရခြင်းများရှိခဲ့သည်ကို အားလုံးအသိပင်ဖြစ်ကြောင်း နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။


ဧပြီလ ၅ ရက်၊ နံနက်ပိုင်းက အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေး ကောင်စီဥက္ကဋ္ဌရုံး၊ သဘင်ဆောင်ခန်းမ၌ ကျင်းပပြုလုပ်သည့် ရွေးကောက်တင်မြှောက်ခြင်းခံရသောသမ္မတ၏ ဂုဏ်ပြုအထိမ်းအမှတ်လက်ဆောင် ချီးမြှင့်ခြင်းအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားစဥ် ယခုလိုထည့်သွင်းပြေကြားခဲ့ခြင်းဖြစ်သည်။


ဆက်လက်၍လည်း ဗိုလ်ချုပ်မှူးကြီးက ထိုသို့ လူပုဂ္ဂိုလ်များကြားမှ ယခုအခမ်းအနားကို တက်ရောက်ပေးကြသည့် ပုဂ္ဂိုလ်များသည် မိမိတို့တာဝန်ယူခဲ့သည့် ၅ နှစ်တာကာလ အစအဆုံးတွင် ပေးအပ်သည့် တာဝန်များကို သစ္စာရှိရှိဖြင့် ကျေပွန်အောင် ကြိုးစားထမ်းဆောင်ခဲ့သည်ကို တွေ့ရသည်ဟုဆိုသည်။


ထို့ကြောင့်လည်း မကြာမီရက်ပိုင်းအတွင်း၌ နိုင်ငံတော်ကို ဒီမိုကရေစီ စနစ်ဖြင့် ဖွံ့ဖြိုးတိုးတက်အောင် ဆက်လက်ဆောင်ရွက်မည့် အစိုးရသစ်ကို သင့်တင့်ကောင်းမွန်သည့် အခြေခံများဖြင့် လွှဲပြောင်းပေးနိုင်တော့မည်ဖြစ်ကြောင်းနှင့် ထိုသို့ နိုင်ငံတော်၊ အစိုးရနှင့်ပြည်သူလူထုကို သစ္စာစောင့်သိပြီး တာဝန်ကျေပွန်စွာဖြင့် ပူးပေါင်းဆောင်ရွက်ခဲ့မှုများကို မိမိအနေဖြင့်လေးလေးစားစား အသိအမှတ်ပြုကြောင်း ပြောကြားသည်။


မိမိကိုယ်တိုင်လည်း ဦးစီးဦးဆောင် အကြီးအကဲဖြစ်သဖြင့် ယခု ၅ နှစ်တာကာလ၏ အခက်အခဲများ၊ အန္တရာယ်များ၊ အကြပ်အတည်းများကို သိရှိပြီးဖြစ်သကဲ့သို့ ကိုယ်ချင်းလည်းစာနာမိကြောင်း၊ ထိုအထဲမှ ကြိုးကြိုးစားစားဖြင့်သစ္စာရှိရှိ၊ တာဝန်ကျေကျေ၊ အပြစ်ကင်းကင်း ဆောင်ရွက်ခဲ့ကြသည်များကို လေးလေးစားစား အသိအမှတ်ပြု၊ မှတ်တမ်းတင်လိုသဖြင့် ယခုအခမ်းအနားကိုကျင်းပပြီး ဂုဏ်ပြုခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။


အလားတူ အခက်အခဲမျိုးစုံကြားမှ နိုင်ငံတော်ပြန်လည်တည်ဆောက်ရေး လုပ်ငန်းစဉ်များတွင် သစ္စာရှိရှိ၊ ရိုးရိုးသားသား၊ တက်တက်ကြွကြွဖြင့် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ကြိုးစားဆောင်ရွက်ခဲ့ကြသည်ကို အသိအမှတ်ပြုကြောင်းနှင့် မိမိ၏ဦးဆောင်မှုအောက်တွင် ယုံယုံကြည်ကြည်၊ ရဲရဲဝံ့ဝံ့၊ စွန့်လွှတ်စွန့်စား လုပ်ဆောင်ခဲ့ကြသည်များကို မှတ်တမ်းတင် ဂုဏ်ပြုကြောင်း ပြောကြားသည်။


ထို့ပြင် တာဝန်ထမ်းဆောင်စဉ်ကာလတွင် ကိုယ်ကျိုးမဖက်၊ အတ္တ ကင်းကင်းဖြင့် နိုင်ငံနှင့်ပြည်သူအကျိုးကို အမျိုးသားရေးစိတ်ဓာတ်အပြည့်ဖြင့် စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်မှုများကို ကျေးဇူးတင်ကြောင်း၊ မိမိတို့တစ်တွေသည် မြန်မာနိုင်ငံ၏သမိုင်းတွင် နိုင်ငံ၏အန္တရာယ်ရန်စွယ်ကျမည့် အချိုးအကွေ့တစ်ခုကို ပြည်ထောင်စုစိတ်ဓာတ်ဖြင့် ကာကွယ်စောင့်ရှောက်နိုင်ခဲ့ပြီး နိုင်ငံကို မူလရည်မှန်းသည့် ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်တည့်မတ် လွှဲပြောင်းပေးနိုင်ခဲ့သော သမိုင်းမော်ကွန်းတစ်ခုကို စိုက်ထူနိုင်ခဲ့သဖြင့် ဝမ်းသာအားရဖြစ်ရကြောင်း။


ထို့ကြောင့် မိမိနှင့်အတူ ၅ နှစ်တာကာလလက်တွဲပြီး တာဝန်ကျေခဲ့ကြသည့် ယခုအခမ်းအနားကို တက်ရောက်လာကြသူများအားလုံးကို လေးလေးစားစားဂုဏ်ယူစွာ မှတ်တမ်းတင် ဂုဏ်ပြုပါကြောင်းနှင့် အနာဂတ်နိုင်ငံတော်အတွက်လည်း ကျရာကဏ္ဍမှ ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ကြပါစေကြောင်း ဆန္ဒပြုပြောကြားကာ နိုင်ငံတော်အတွက် ရေရှည်ဆောင်ရွက်ရမည့်လုပ်ငန်းဖြစ်သဖြင့် အနာဂတ်မျိုးဆက်သစ်လူငယ်များ အတွေ့ အကြုံရရှိစေရေးအတွက်လည်း ဆက်လက်မွေးထုတ်ပေးသွားကြရမည်ဖြစ်ကြောင်းဖြင့် ပြောကြားခဲ့သည်ဟု သိရသည်။

Report Page