Myanmar Hard Talk
MHTNEWS❝သတင်းပေးတိုင်ကြားမှုအရ အရေးယူထားသည့် စက်သုံးဆီအရောင်းဆိုင် ၁၇ ဆိုင်အထိရှိလာ❞
𝙈𝙃𝙏𝙉𝙀𝙒𝙎《𝙈𝘼𝙍~𝟑𝟏》
စက်သုံးဆီများကို Scan မဖတ်ဘဲ ရောင်းချခြင်း၊ ဈေးတင်ရောင်းချခြင်း၊ တရားမဝင်ရောင်းချခြင်း၊ ဆိုင်ပိတ်ထားခြင်းများနှင့်ပတ်သက်၍ Call Center သို့ သတင်းပေးပို့ တိုင်းကြားလာမှုများအပေါ် အရေးယူဆောင်ရွက်လျက်ရှိရာ မတ်လ ၃၀ ရက်နေ့အထိ စက်သုံးဆီအရောင်းဆိုင် ၁၇ ဆိုင်အထိ အရေးယူထားပြီးဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာန၏ ထုတ်ပြန်မှုအရ သိရသည်။
ယင်းဆိုင်များမှာ နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနားမြို့နယ်ရှိ “TGB” စက်သုံးဆီ အရောင်းဆိုင်၊ ပုဗ္ဗသီရိမြို့နယ်ရှိ “ရွှေပိုး” စက်သုံးဆီအရောင်းဆိုင်၊ “Terminal 001” စက်သုံးဆီ အရောင်းဆိုင်၊ မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ်ရှိ “Away” စက်သုံးဆီအရောင်းဆိုင်၊ အမရပူရမြို့နယ်ရှိ “အောင်ဗိုလ်ဟိန်း” စက်သုံးဆီအရောင်းဆိုင်၊ စဉ့်ကိုင်မြို့နယ်ရှိ “စိန်စီအောင်” စက်သုံးဆီအရောင်းဆိုင်၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ “အောင်သန်းကျော်” စက်သုံးဆီအရောင်းဆိုင်၊ “အောင်သိဒ္ဒိ” စက်သုံးဆီအရောင်းဆိုင်၊ “ရွှေခြင်္သေ့” စက်သုံးဆီအရောင်းဆိုင်၊ “မိုးကောင်းကင်” စက်သုံးဆီအရောင်းဆိုင်၊ “စွမ်းအင်” စက်သုံးဆီအရောင်းဆိုင်၊ ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ်ရှိ “Apex” စက်သုံးဆီအရောင်းဆိုင်၊ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်ရှိ “BOC” စက်သုံးဆီအရောင်းဆိုင်၊ မွန်ပြည်နယ် မော်လမြိုင်မြို့ ဈေးကြိုရပ်ကွက်ရှိ “စွမ်းမြန်မာ” စက်သုံးဆီအရောင်းဆိုင်၊ ညောင်ပင်ဆိပ်ရပ်ကွက်ရှိ “Parent Love- 01” စက်သုံးဆီအရောင်းဆိုင်၊ ကျိုက်မရောမြို့နယ်ရှိ “Puma Power” စက်သုံးဆီအရောင်းဆိုင်၊ ပေါင်မြို့နယ်ရှိ “မင်းသန့်-၉” စက်သုံးဆီအရောင်းဆိုင်တို့ဖြစ်ကြသည်။
အဆိုပါ စက်သုံးဆီအရောင်းဆိုင် ၁၇ ဆိုင်ကို အရောင်းဆိုင်ယာယီပိတ်သိမ်းခြင်းနှင့် အရောင်းဆိုင်မှ တာဝန်ရှိသူများကို အရေးယူခြင်းများ ဆောင်ရွက်ထားခြင်းဖြစ်သလို Bar Code/ QR Code များ Scan ဖတ်ခြင်းမပြုဘဲ ရောင်းချနေကြောင်း စိစစ်တွေ့ရှိရသည့် နေပြည်တော်ကောင်စီနယ်မြေမှ စက်သုံးဆီအရောင်းဆိုင် (၃) ဆိုင်၊ ရန်ကုန်တိုင်းဒေသကြီးမှ အရောင်းဆိုင် (၄) ဆိုင်၊ မန္တလေးတိုင်းဒေသကြီးမှ အရောင်းဆိုင် (၁၀) ဆိုင်နှင့် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့မှ အရောင်းဆိုင် (၇) ဆိုင်တို့ကိုလည်း ပြင်းထန်စွာ သတိပေးထားရှိပြီး ညွှန်ကြားချက်များအား လိုက်နာမှုမရှိကြောင်း ထပ်မံစိစစ်တွေ့ရှိရပါက ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။