Myanmar Hard Talk
MHTNEWS❝တိုက်စွမ်းရည်နှင့်တိုက်စွမ်းအားရှိသည့် ခေတ်မီတပ်မတော်တစ်ရပ်အဖြစ် ရည်မှန်းချက်ထား ဖွဲ့စည်းတည်ဆောက်နိုင်ရေး ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည်ဟု တပ်ချုပ်အသစ် ပြောကြား❞
𝙈𝙃𝙏𝙉𝙀𝙒𝙎《𝙈𝘼𝙍~𝟑𝟎》
မိမိအနေဖြင့် တပ်မတော်ကို သမားရိုးကျစစ်ဆင်နွှဲနိုင်သည့်၊ တိုက်စွမ်းရည်နှင့်တိုက်စွမ်းအားရှိသည့် ခေတ်မီတပ်မတော်တစ်ရပ်အဖြစ် ရည်မှန်းချက်ထား ဖွဲ့စည်းတည်ဆောက်နိုင်ရေး ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာ့တပ်မတော်၏ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏တာဝန်များကို လွှဲပြောင်းလက်ခံတာဝန် ထမ်းဆောင်တော့မည့် ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် စည်သူ ရဲဝင်းဦးက ပြောကြားသည်။
ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ ဇေယျသီရိဗိမာန်၌ ကျင်းပပြုလုပ်သည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ မြန်မာ့တပ်မတော်၏ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တာဝန်လွှဲပြောင်းလက်ခံခြင်း ဂုဏ်ပြုစစ်ရေးပြအခမ်းအနား၌ မိန့်ခွန်းပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ဖြစ်ပြီး တပ်မတော်အနေဖြင့် ခေတ်အဆက်ဆက်တွင် ဒို့တာဝန်အရေး (၃) ပါးကို အမျိုးသားရေးတာဝန်အဖြစ် ခံယူထားကြောင်း ဆက်လက်ပြောကြားခဲ့သည်။
အလားတူ နိုင်ငံတော်၏ အမျိုးသားအကျိုးစီးပွားဖြစ်သည့် ဒို့တာဝန်အရေး (၃) ပါးကို ဆက်လက်ထိန်းသိမ်းကာကွယ်စောင့်ရှောက်သွားမည်ဖြစ်ကြောင်းနှင့် နိုင်ငံတော်က အတည်ပြုပြဋ္ဌာန်းထားသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ခုနှစ်) ကို ကာကွယ်စောင့်ရှောက်သွားမှာဖြစ်သကဲ့သို့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ “အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရန်၊ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးတို့ကို ကာကွယ်စောင့်ရှောက်ရန်၊ စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို စောင့်ရှောက်ရန်” တာဝန်ပေးထားသည့်အတွက် ယခုတာဝန်များကို သစ္စာရှိရှိ ကျေပွန်စွာဖြင့် ဆက်လက်ကြိုးပမ်းထမ်းဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့ပြင် နိုင်ငံတော်အစိုးရ၏ ဦးဆောင်မှုနှင့်အတူ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူတစ်ရပ်လုံး၏လိုလားချက်ဖြစ်သည့် ဒီမိုကရေစီလမ်းကြောင်းကို ဆက်လက်လျှောက်လှမ်းနိုင်ရေးအတွက် တာဝန်များကို ထမ်းဆောင်သွားမည်ဖြစ်ကြောင်းနှင့် နိုင်ငံတော်အစိုးရ၏ ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်ရာတွင် အပြည့်အဝပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့အတူ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ချမှတ်ထားသည့် “လေ့လာ၊ လေ့ကျင့်၊ လိုက်နာ” ဆိုသည့် ဆောင်ပုဒ်အတိုင်း လိုက်နာကျင့်သုံးပြီးတိုက်စွမ်းအားနှင့် တိုက်စွမ်းရည်ရှိသည့် တပ်မတော်ဖြစ်အောင် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ “ပြည်သူသာ အမိ၊ ပြည်သူသာ အဖ” ဆိုသည့် မူဝါဒကို လိုက်နာပြီး တပ်နှင့် ပြည်သူတစ်သားတည်းဖြစ်အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အရပ်ဘက် - စစ်ဘက်ဆက်ဆံရေး တိုးတက်ကောင်းမွန်စေရန် တပ်တွင်း၊ တပ်ပြင်စည်းရုံးရေးကို အကောင်းဆုံးအကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း။
နိုင်ငံတော်နှင့် ခေါင်းဆောင်အဆက်ဆက်က အမြော်အမြင်ရှိရှိ ချမှတ်ထားခဲ့သော “မွန်မြတ်သည့် လက်ဆင့်ကမ်းအမွေကိုထိန်းသိမ်းပြီး တပ်မတော်နှင့် နိုင်ငံ့ဂုဏ်ကို ဆက်လက်မြှင့်တင်သွားကြရန်” ဆိုသည့် တိုက်တွန်းမှာကြားမှုကို အလေးအနက်လိုက်နာဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ တပ်မတော်၏ ကောင်းမြတ်သည့် သမိုင်းအစဉ်အလာများကို ဆက်လက်ထိန်းသိမ်းပြီး နိုင်ငံတော်က အားထားရသော တပ်မတော်၊ ပြည်သူလူထုက အားကိုးရသော တပ်မတော်ဖြစ်အောင် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည်ကို အလေးအနက်ထားပြောကြားလိုပါကြောင်း။
မိမိတို့အနေဖြင့် တာဝန်ထမ်းဆောင်ခဲ့သည့်ကာလတစ်လျှောက်လုံးတွင် ပေးအပ်သည့် အမိန့်နှင့်တာဝန်များကို ဦးလည်မသုန် ကျေပွန်စွာ ကြိုးပမ်းထမ်းဆောင်ခဲ့ပါကြောင်း၊ ယခုကဲ့သို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အဖြစ် ယုံကြည်စွာ တာဝန်ပေးအပ်ခဲ့သည့် တပ်မတော်အကြီးအကဲများကို အထူးပင်ကျေးဇူးတင်ရှိပါကြောင်း၊ အထက်အကြီးအကဲများ၏ ယုံကြည်မှုနှင့် ထိုက်တန်စွာ နိုင်ငံတော်အကျိုး တပ်မတော်အကျိုးကို ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသမျှ ကြိုးပမ်းထမ်းဆောင်သွားမည်ကို ကတိပြုအပ်ပါကြောင်းဖြင့် ပြောကြားခဲ့သည်ဟု သိရသည်။