Myanmar Hard Talk
MHTNEWS❝အရက်ဝယ်ရင် ခြေတစ်ဖက်တည်းနဲ့ စက္ကန့် ၃ဝ ရပ်ပြခြင်းနဲ့ မျဉ်းအတိုင်း ၁ဝ လှမ်း လျှောက်ပြခြင်းတွေအပါအဝင် စစ်ဆေးမှု ၃ ခုပါဝင်တဲ့ စည်းမျဥ်းသစ်ကို ထိုင်းမှာထုတ်ပြန်❞
𝙈𝙃𝙏𝙉𝙀𝙒𝙎《𝙈𝘼𝙍~𝟐𝟗》
ထိုင်းနိုင်ငံမှာ အရက်ဝယ်ယူတဲ့အခါ မူးယစ်နေမှု ရှိ၊ မရှိ သိရှိနိုင်ဖို့ ခြေတစ်ဖက်တည်းနဲ့ စက္ကန့် ၃ဝ ရပ်ပြခြင်း၊ မျဉ်းအတိုင်း ၁ဝ လှမ်းလျှောက်ပြခြင်းနဲ့ နှာခေါင်းကို လက်ညှိုးနဲ့ထိခိုင်းခြင်း စတဲ့ စစ်ဆေးမှု ၃ ခုပါဝင်တဲ့ စည်းမျဥ်းသစ်တစ်ခုကို ၂၀၀၈ ခုနှစ် (၂၀၂၅ ခုနှစ် ပြင်ဆင်ချက်) အရက်ယမကာ ထိန်းချုပ်ရေး အက်ဥပဒေအရ Royal Gazette က ထုတ်ပြန်လိုက်တယ်လို့ သိရပါတယ်။
အဲဒီစည်းမျဥ်းသစ်ကို မတ်လ ၂၈ ရက်မှာ စတင်မိတ်ဆက်လိုက်တယ်လို့ သိရပြီး ကိုယ်ဟန်ချက် ပျက်ယွင်းခြင်းနဲ့ လှုပ်ရှားမှုမမှန်ခြင်း၊ မျက်လုံးနီခြင်း၊ လက်တုန်ခြင်းလိုမျိုး ရုပ်ပိုင်းဆိုင်ရာ လက္ခဏာတွေနဲ့အတူ အရက်နံ့ထွက်နေခြင်း၊ စကားသံဗလုံးဗထွေးဖြစ်ခြင်း၊ ရန်လိုခြင်းနဲ့ စိတ်ရှုပ်ထွေးခြင်း အပါအဝင် စကားပြောဆိုမှုနဲ့ အမူအကျင့် ပြောင်းလဲနေသူတွေကိုတော့ မူးယစ်နေသူအဖြစ် အဓိပ္ပာယ်ဖွင့်ဆိုထားပါတယ်။
အဲဒီအမူအယာတွေကို သိနိုင်ဖို့ မျက်စိမှိတ်ကာ လက်ညှိုးနဲ့ နှာခေါင်းထိပ်ကို ထိခိုင်းမှာဖြစ်ပြီး နှာခေါင်းထိပ်ကို မထိဘူးဆိုရင်တော့ မူးယစ်နေသူအဖြစ် မှတ်ယူမှာဖြစ်သလို မျဉ်းဖြောင့်အတိုင်း ၁၀ လှမ်း လျှောက်ပြီး ပြန်လှည့်လာခိုင်းတဲ့အခါ (၂) ကြိမ်နဲ့အထက် ဟန်ချက်ပျက် ယိုင်နဲ့သွားမယ်ဆိုရင်လည်း မူးယစ်နေသူအဖြစ် သတ်မှတ်မှာဖြစ်တယ်လို့ ဆိုပါတယ်။
အလားတူ ခြေတစ်ဖက်တည်းနဲ့ရပ်ရင်း စက္ကန့် ၃၀ ကြာ ရေတွက်ခိုင်းတဲ့အခါ ခြေထောက်ကို ပြန်ချခြင်း၊ ယိမ်းထိုးခြင်း၊ ဟန်ချက်ထိန်းဖို့ လက်ကို (၂) ကြိမ်နဲ့အထက် အသုံးပြုမယ်ဆိုရင်လည်း အဲဒီလူကို မူးယစ်နေသူအဖြစ် သတ်မှတ်သွားမှာဖြစ်ပါတယ်။
ရောဂါထိန်းချုပ်ရေးဌာနက ထုတ်ပြန်တဲ့ အဲဒီကြေညာချက်ဟာ ထုတ်ပြန်ပြီး နောက်တစ်နေ့မှာစတင် အသက်ဝင်မှာဖြစ်တယ်လို့ သိရပြီး အရက်ရောင်းချသူတွေအနေနဲ့ကလည်း ဝယ်ယူသူတွေကို မရောင်းချမီ အဲဒီ စစ်ဆေးမှု ၃ ခုကို အသုံးပြုပြီးမှ ရောင်းချဖို့ အကြံပြုထားတယ်လို့ သိရပါတယ်။