Myanmar Hard Talk
MHTNEWS❝ထွန်စက်၊ လယ်ယာသုံးစက်ကိရိယာများ၊ အိမ်တွင်း စက်မှု လုပ်ငန်းများနှင့် မီးစက်များအတွက် စက်သုံးဆီများကို သတ်မှတ်ပေးထားသည့်ပုံစံတွင် ဖြည့်စွက်၍ နီးစပ်သောအရောင်းဆိုင်များတွင် မှတ်တမ်းထားရှိကာ ရောင်းချပေးမည်❞
𝙈𝙃𝙏𝙉𝙀𝙒𝙎《𝙈𝘼𝙍~𝟐𝟕》
စက်မှုလယ်ယာကဏ္ဍတွင် အသုံးပြုသည့် ထွန်စက်၊ လယ်ယာသုံးစက်ကိရိယာများ၊ အိမ်တွင်း စက်မှု လုပ်ငန်းများနှင့် မီးစက်များအတွက် စွမ်းအင်ဝန်ကြီးဌာနမှ သတ်မှတ်ပေးထားသည့်ပုံစံတွင် ဖြည့်စွက်၍ နီးစပ်သောအရောင်းဆိုင်များတွင် မှတ်တမ်းထားရှိကာ ရောင်းချပေးမည်ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာန၏ အသိပေးထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အလားတူ ခရီးဝေးပြေးဆွဲနေသည့် အထူးဘတ်စ်ကား၊ လူမှုကူညီရေးယာဉ်၊ လူနာတင်ယာဉ်၊ နိဗ္ဗာန်ယာဉ်၊ စည်ပင် အမှိက်သိမ်းယာဉ်၊ ရေပုပ်စုပ်ယာဉ် စသည့်ယာဉ်များကို Quota များ သတ်မှတ်ခြင်းမရှိဘဲ အရောင်းဆိုင်များမှ လိုအပ်သည့်ပမာဏအတိုင်း စိစစ်ရောင်းချပေးသွားမည်ဖြစ်ပြီး Scan ဖတ်၍ မှတ်တမ်းတင်ထားကာ Online Monitoring စနစ်ဖြင့် ကြပ်မတ်ထိန်းကျောင်းသွားမည်ဟု ဆိုထားသည်။
ခရီးဝေးသွားရောက်မည့်ယာဉ်များအတွက်ကိုတော့ မူလဝယ်ယူထားသည့် စက်သုံးဆီငွေရှင်းပြေစာကိုပြသ၍ ရောက်ရှိရာ အခြားတိုင်းဒေသကြီး/ပြည်နယ်ရှိ အရောင်းဆိုင်များတွင် Scan ဖတ်၍ ထပ်မံဝယ်ယူနိုင်မည်ဖြစ်ပြီး ကုန်တင်ယာဉ်ကြီးများအနေဖြင့် မြိုပြင်ရှိစက်သုံးဆီဆိုင်များတွင်သာ QR Code စနစ်ဖြင့် ဖြည့်သွင်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရသည်။
စက်သုံးဆီအရောင်းဆိုင်များအနေဖြင့်လည်း Bar Code သို့မဟုတ် QR Code ဖတ်၍ ရောင်းချပေးထားမှုနှင့် ပုံစံတွင်ဖြည့်စွက်၍ ရောင်းချပေးထားသည့် စက်သုံးဆီပမာဏကိုသာ ပြန်လည်ဖြည့်တင်းခွင့်ရရှိမည်ဖြစ်ကြောင်းကိုလည်း စွမ်းအင်ဝန်ကြီးဌာနက အသိပေးထားသည်။
ယခုအခါ စက်သုံးဆီဝယ်ယူရာတွင် စက်စွမ်းအားအလိုက် ဝယ်ယူခွင့်ပမာဏကိုသတ်မှတ်ပြီး ပိုမို၍ပြည့်စုံသည့်စနစ်ဖြင့် နေပြည်တော်ကောင်စီနယ်မြေ၊ ရန်ကုန်မြို၊ မန္တလေးမြိုနှင့် တောင်ကြီးမြိုများတွင် ယနေ့ မတ်လ ၂၇ ရက်နေ့မှစ၍ ရောင်းချသွားမည်ဖြစ်ပြီး ကျန်မြိုများတွင်လည်း ယခုစနစ်ကို ဆက်လက်အကောင်အထည် ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။
စနစ်ကိုအသုံးပြုရာတွင် မော်တော်ယာဉ်၏ Wheel Tax တွင် အာမခံမှုအမှတ်အသား (Hologram) ပါရှိမှသာ အရောင်းဆိုင်ဝန်ထမ်းက Scan ဖတ်မည်ဖြစ်ပြီး ယင်းအချိန်တွင် Gas ကားဖြစ်ပါက “Gas ဆိုင်တွင်သာ ဝယ်ယူရန်” စာသားပေါ်လာမည်ဖြစ်သလို ဓာတ်ဆီ၊ ဒီဇယ်ဆီကားများဖြစ်ပါက မော်တော်ယာဉ်နံပါတ်၊ တစ်ပတ်အတွင်း ဝယ်ယူခွင့်ပမာဏ၊ ဝယ်ယူပြီးသည့်ပမာဏ၊ ဝယ်ယူရန်ကျန်ရှိသည့်ပမာဏ ပေါ်လာမည်ဖြစ်သည်။
ဝယ်ယူမည့်ဆီအမျိုးအစားနှင့်ပမာဏကို ဖြည့်သွင်းကာ ဝယ်ယူနိုင်မည်ဖြစ်ပြီး ရောင်းချသည့် ဆိုင်နံပါတ်၊ တည်နေရာ၊ ဆီပမာဏများ အလိုအလျောက် Server သို့ ဝင်ရောက်သွားမည်ဖြစ်သလို ဒုတိယအကြိမ်ထပ်မံဝယ်ယူသည့်အချိန်တွင် Quota ကုန်နေပါက ဝယ်ယူခွင့်မပြုကြောင်း ဖော်ပြပေးမည်ဖြစ်ကြောင်းနှင့် သတ်မှတ်ပေးသည့် Quota ကို တစ်ပတ်အတွင်း အပြီးအပြတ်ဝယ်ယူရမည်ဖြစ်ကြောင်း သိရသည်။