Myanmar Hard Talk

Myanmar Hard Talk

MHTNEWS

❝နေပြည်တော်နဲ့ ပဲခူးတိုင်းတို့မှာ အုပ်ကြီး ၂ ဦး PDF သတ်ဖြတ်ခြင်းခံရပြီး မြိတ်မြို့နယ်မှာလည်း အရပ်သား ၁ ဦး သတ်ဖြတ်ခံရ❞


𝙈𝙃𝙏𝙉𝙀𝙒𝙎《𝙈𝘼𝙍~𝟐𝟔》


နေပြည်တော်ပြည်ထောင်စုနယ်မြေ၊ တပ်ကုန်းမြို့နယ်နှင့် ပဲခူးတိုင်းဒေသကြီး၊ သဲကုန်းမြို့နယ်တို့မှာ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ၂ ဦး PDF အကြမ်းဖက်သမားများ၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရသလို တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်မှာလည်း အရပ်သား ၁ ဦးကို PDF အကြမ်းဖက်အဖွဲ့က သတ်ဖြတ်သွားခဲ့သည်ဟု သိရသည်။


နေပြည်တော်တွင် သတ်ဖြတ်ခံရသူမှာ တပ်ကုန်းမြို့နယ်၊ ထန်းတပင်ကျေးရွာနေ လယ်ပြင်မကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးအောင်ကျော် (၅၅)နှစ်ဖြစ်သည်ဟု သိရပြီး မတ်လ ၂၅ ရက်၊ နံနက်ပိုင်းက တူ/တူမများဖြစ်ကြသည့် မောင်ကျော်ဇောမင်း၊ မောင်ဖြိုးမင်းထက်၊ မစုမွန်ကျော် တို့နှင့်အတူ ဆိုင်ကယ်နှစ်စီးဖြင့် ထန်းတပင်ကျေးရွာမှ ဥသျှစ်ကုန်းကျေးရွာသို့ သွားရောက်စဉ် ထန်းတပင်ကျေးရွာအဝင် ဆိုင်းဘုတ်အနီးအရောက် PDF အကြမ်းဖက်သမား ၄ ဦးက ဦးအောင်ကျော်အား သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ကာ လက်ကိုင်ဖုန်း ၄ လုံးနှင့် ဆိုင်ကယ် ၂ စီးတို့ကို လုယက်ယူဆောင်သွားခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။


ပဲခူးတိုင်းဒေသကြီးတွင်လည်း သဲကုန်းမြို့နယ်၊ ညောင်ဝင်း ကျေးရွာနေ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးဖြစ်သည့် ဦးဇော်မင်း(၅၃)နှစ်သည် မတ်လ ၂၅ ရက်၊ မွန်းလွဲပိုင်းတွင် ၎င်း၏နေအိမ်၌ ရှိနေစဉ် PDF အကြမ်းဖက်သမား ၆ ဦးက ဆိုင်ကယ် ၃ စီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။


အလားတူ မတ်လ ၂၅ ရက်နေ့ နံနက် ၆ နာရီခွဲတွင် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်၊ တောတန်းကျေးရွာနေ ဦးအေးသန်း(၇၀)နှစ်သည် ခုံမော်ကျေးရွာမှ တောတန်းကျေးရွာသို့ ဆိုင်ကယ်ဖြင့် တစ်ဦးတည်းမောင်းနှင်ပြန်လာစဉ် မြိတ်-တနင်္သာရီ ကားလမ်းပေါ်အရောက် PDF အကြမ်းဖက်သမား ၄ ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ကာ ၎င်းစီးနင်းလာသည့် ဆိုင်ကယ်ကို လုယက်ယူဆောင်သွားခဲ့သည်ဟုလည်း သိရသည်။

Report Page