Myanmar Hard Talk
MHTNEWS❝မိတ်ဖက်နိုင်ငံများမှ စက်သုံးဆီများ ဝယ်ယူရရှိနိုင်ရေး ချိတ်ဆက်ကြိုးပမ်းဆောင်ရွက်သွားရန် ဗိုလ်ချုပ်မှူးကြီးတိုက်တွန်း❞
≋သယ်ယူပို့ဆောင်ရေးလုပ်ငန်းများအတွက် လိုအပ်သည့် စက်သုံးဆီများကို မဖြစ်မနေ ဖြည့်တင်းဆောင်ရွက်ပေးသွားရမည်ဟုဆို≋
𝙈𝙃𝙏𝙉𝙀𝙒𝙎《𝙈𝘼𝙍~𝟐𝟓》
မိမိတို့နိုင်ငံနှင့်မိတ်ဖက်နိုင်ငံများမှ စက်သုံးဆီများ ဝယ်ယူရရှိနိုင်ရေး ချိတ်ဆက်ကြိုးပမ်းဆောင်ရွက်သွားရန်လိုကြောင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုက်တွန်းပြောကြားသည်။
စက်သုံးဆီများဖူလုံစွာရရှိရေးနှင့် သုံးစွဲမှုများ စနစ်တကျဖြစ်စေရေးအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြားစဥ် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ပြီး ယင်းအစည်းအဝေးကို မတ်လ ၂၄ ရက် မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ဆက်လက်၍လည်း ဗိုလ်ချုပ်မှူးကြီးက မီးရထားခရီးစဉ်များ၊ အဝေးပြေးဘတ်စ်ကားခရီးစဉ်များ အစရှိသည့် အများပြည်သူသုံး သယ်ယူပို့ဆောင်ရေးလုပ်ငန်းများအတွက် လိုအပ်သည့် စက်သုံးဆီများကို မဖြစ်မနေ ဖြည့်တင်းဆောင်ရွက်ပေးသွားရမည်ဖြစ်ကြောင်းနှင့် မီးရထားခရီးစဉ်များကို နယ်မြေဒေသအခြေအနေများအလိုက် တိုးချဲ့ပြေးဆွဲပေးခြင်းဖြင့် အများပြည်သူများ၏ ခရီးသွားလာမှုနှင့် ကုန်စည်ပို့ဆောင်မှုများကို အစဉ်ပြေချောမွေ့အောင် စီမံဆောင်ရွက် ပေးနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။
အလားတူ ပူတာအို၊ ခန္တီး၊ မြစ်ကြီးနား၊ ဟုမ္မလင်း၊ တာချီလိတ်၊ ကလေး၊ စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင်၊ မြိတ်၊ ကော့သောင်းစသည့် မော်တော်ယာဉ်ဖြင့် သွားလာရန်ခက်ခဲသည့် မြို့များသို့ လေကြောင်းခရီးစဉ်များကို ဦးစားပေးအနေဖြင့် မဖြစ်မနေပြေးဆွဲပေးသွားရမည်ဖြစ်သလို အခြားသွားလာရန် ခက်ခဲသည့်ဒေသများသို့လည်း ဒုတိယဦးစားပေးအနေဖြင့် ပြေးဆွဲပေးသွားရန်လိုကြောင်း၊
မြန်မာနှစ်သစ်ကူးအတာသင်္ကြန်ကာလအတွင်း စက်သုံးဆီသုံးစွဲမှု များပြားမှုမရှိစေရေး တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့ကြီးများနှင့် မြို့နယ်များအလိုက် လမ်းလျှောက်သင်္ကြန်အဖြစ် နေရာများ သတ်မှတ်၍ ကျင်းပပြုလုပ်သွားမည်ဆိုပါက ပိုမိုသင့်လျော်မည်ဖြစ်ကြောင်း၊ အများပြည်သူမဖြစ်မနေ အသုံးပြုလျက်ရှိသည့် အရေးပေါ်လူနာသယ်ပို့သည့်ယာဉ်များ၊ လူမှုကူညီရေးယာဉ်များအတွက် စက်သုံးဆီဝယ်ယူခွင့်အား ဖြေလျှော့ပေးရန်လိုကြောင်း ပြောကြားသည်။
ထို့ပြင် စက်သုံးဆီရှားပါးမှုကြောင့် သွားလာမှုများခက်ခဲပြီး ကုန်ဈေးနှုန်းများကြီးမြင့်လာနိုင်ကြောင်း၊ မြန်မာ့ရိုးရာနှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်သည် ပြည်သူများမျှော်လင့်ထားသည့် မြန်မာ့ရိုးရာပွဲတော်တစ်ခုဖြစ်ခြင်းကြောင့် အများပြည်သူများပျော်ရွှင်စွာဖြင့် ရေသဘင်ဆင်နွဲနိုင်ရေး တာဝန်ရှိသူများအနေဖြင့် စနစ်တကျဖြင့် စီမံဆောင်ရွက်ပေးသွားကြရန်လိုကြောင်း။
နိုင်ငံတော်အနေဖြင့် ပြည်တွင်းစက်သုံးဆီဖူလုံစွာရရှိစေရေး ဆောင်ရွက်ပေးရန်နှင့် ပြည်သူများအနေဖြင့် အကုန်အကျအသက်သာဆုံးဖြင့် သုံးစွဲနိုင်ရေး ဆောင်ရွက်ပေးသွားကြရန်လိုကြောင်း၊ စက်သုံးဆီဈေးနှုန်းကြောင့် သွားလာမှုစရိတ်များ မြင့်မားလာမှုမရှိစေရေး ဆောင်ရွက်ပေးရန်လိုကြောင်း၊ တပ်မတော်အနေဖြင့်လည်း ပြည်သူများသွားလာမှု အဆင်ပြေစေရေးအတွက် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးသွားရန်လိုကြောင်း၊ ပြည်တွင်း စက်သုံးဆီဖူလုံမှုရှိစေရေးအတွက် နည်းလမ်းမျိုးစုံအသုံးပြု၍ ဖြည့်ဆည်းဆောင်ရွက်သွားကြရန်လိုကြောင်းဖြင့် မှာကြားခဲ့သည်ဟု သိရသည်။