Myanmar Hard Talk

Myanmar Hard Talk

MHTNEWS

❝လူကုန်ကူးမှုတိုက်ဖျက်ရာတွင် အောင်မြင်မှုများရှိသလို စိန်ခေါ်မှုများ လည်းရှိဟုဆို❞


𝙈𝙃𝙏𝙉𝙀𝙒𝙎《𝙈𝘼𝙍~𝟐𝟒》


မြန်မာနိုင်ငံအနေဖြင့် လူကုန်ကူးမှုတိုက်ဖျက်ရေးကို ထိုင်းနိုင်ငံအပါအဝင် ဒေသတွင်းနိုင်ငံများနှင့် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်လျက်ရှိရာ အောင်မြင်သောရလဒ်ကောင်းများစွာရရှိ လျက်ရှိသကဲ့သို့ စိန်ခေါ်မှုများလည်းရှိကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန်းစိုးက ပြောကြားသည်။


မတ်လ ၂၃ ရက်၊ နံနက်ပိုင်းက ရန်ကုန်မြို့ Parkroyal Hotel ၌ ကျင်းပသည့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် ထိုင်းနိုင်ငံ လူမှုဖွံ့ဖြိုးတိုးတက်ရေးနှင့်လူသားလုံခြုံရေးဝန်ကြီးဌာနတို့၏ (၃၃) ကြိမ်မြောက် မြန်မာ-ထိုင်း လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေးနှင့် ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးဆိုင်ရာ ဖြစ်ရပ်စီမံခန့်ခွဲမှု ညှိနှိုင်းအစည်းအဝေးနှင့် မြန်မာ-ထိုင်း ဖြစ်ရပ်စီမံခန့်ခွဲခြင်းနှင့် လူကုန်ကူးခံရသူများအား ပြန်လည်ပို့ဆောင်ခြင်းနှင့် ပြန်လည်ဝင်ဆံ့ပေါင်းစည်းခြင်းဆိုင်ရာ နှစ်နိုင်ငံစံလုပ်ငန်းအစီအစဉ် ပြန်လည်သုံးသပ်သည့် အစည်းအဝေးသို့ တက်ရောက် အမှာစကားပြောကြားစဥ် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။


အလားတူ လူကုန်ကူးခံရသူများအား ကာကွယ်စောင့်ရှောက်နေသူများအနေဖြင့် လူကုန်ကူးခံရသူတစ်ဦးချင်းစီ၏ လိုအပ်ချက်များအရ ကူညီစောင့်ရှောက်မှုများကို ပူးပေါင်းဖြေရှင်းဆောင်ရွက်ကြသကဲ့သို့ ကာကွယ်တားဆီးရေး လုပ်ငန်းများကိုလည်း တိုးမြှင့်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားသည်။


ထို့ပြင် စောင့်ရှောက်မှုခံယူရချိန် တိုတောင်းရေးအတွက် နှစ်နိုင်ငံတာဝန်ရှိသူများက ပူးပေါင်းပံ့ပိုးကြစေလိုကြောင်းနှင့် ထပ်မံ၍ လူကုန်ကူးမှုမခံရစေရေး အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ ဆောင်ရွက်နိုင်စေရန် ဝိုင်းဝန်းကူညီကြရမည်ဖြစ်ကြောင်း၊ သို့မှသာ နှစ်နိုင်ငံ၏ ဘုံရည်မှန်းချက် ဖြစ်သည့် လူကုန်ကူးခံရသူ၏ အကောင်းဆုံးအကျိုးစီးပွားကို အပြည့်အဝဖော်ဆောင်ပေးနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။


ထို့နောက် ထိုင်းနိုင်ငံကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် Ms. Sunee Srisangatrakullert က ထိုင်းနိုင်ငံသို့ ရောက်ရှိလာသည့် လူကုန်ကူးခံရသူများအား အတတ်နိုင်ဆုံး၊ အကောင်းဆုံးပံ့ပိုး ကူညီလျက်ရှိကြောင်း၊ နှစ်နိုင်ငံရင်းနှီးချစ်ကြည်စွာဖြင့် လူကုန်ကူးမှုတိုက်ဖျက်ရေး၊ လူကုန်ကူးခံရသူများ နစ်နာမှုအနည်းဆုံးဖြစ်စေရေး ဆောင်ရွက်လျက်ရှိကြောင်း၊ ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။


ယင်းနောက် ထိုင်းနိုင်ငံမှ ပြန်လည်လွှဲပြောင်းလက်ခံခဲ့သည့် လူကုန်ကူးခံရသူတစ်ဦးရရှိသည့် လျော်ကြေးငွေ ဘတ် ၄၅၀၀၀ အား ကာယကံရှင်ထံသို့ လွှဲပြောင်းပေးအပ်သည်။


အဆိုပါ အစည်းအဝေးသို့ မြန်မာ - ထိုင်း နှစ်နိုင်ငံဝန်ကြီးဌာနနှင့် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ကြပြီး မတ် ၂၄ ရက်တွင် မြန်မာ-ထိုင်း ဖြစ်ရပ်စီမံခန့်ခွဲခြင်းနှင့် လူကုန်ကူး ခံရသူများအား ပြန်လည်ပို့ဆောင်ခြင်းနှင့် ပြန်လည်ဝင်ဆံ့ပေါင်းစည်းခြင်းဆိုင်ရာ နှစ်နိုင်ငံစံလုပ်ငန်းအစီအစဉ် ပြန်လည်သုံးသပ်သည့် အစည်းအ‌ဝေးကို ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

Report Page