Myanmar Hard Talk

Myanmar Hard Talk

MHTNEWS

❝ပုဂ္ဂလိက ဆန်စပါးလုပ်ငန်း နယ်ပယ်တစ်ခုလုံးတွင် ဒစ်ဂျစ်တယ်ငွေပေးချေမှု (Rice Industry Cashless Ecosystem) အစီအစဉ်သစ်စတင်တော့မည်❞


𝙈𝙃𝙏𝙉𝙀𝙒𝙎《𝙈𝘼𝙍~𝟐𝟑》


မြန်မာ့ဆန်စပါးကဏ္ဍရှိ ပုဂ္ဂလိကဆန်စပါးလုပ်ငန်းနယ်ပယ်တစ်ခုလုံးတွင် ဒစ်ဂျစ်တယ်ငွေပေးချေမှု (Rice Industry Cashless Ecosystem) အစီအစဉ်သစ်ကို စတင်တော့မည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်(MRF)က အသိပေးထုတ်ပြန်ထားသည်။ 


ယင်းငွေပေးချေမှုအစီအစဥ်သည် နိုင်ငံတော်၏ မြန်မာ့ဒစ်ဂျစ်တယ်စီးပွားရေးလမ်းပြမြေပုံ - ၂၀၃၀ နှင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ လမ်းညွှန်ချက်များနှင့်အညီ ပေါ်ပေါက်လာခြင်းဖြစ်ပြီး အစီအစဉ်သစ်ကို ပုဂ္ဂလိက ဆန်စပါးလုပ်ငန်းနယ်ပယ်တစ်ခုလုံးတွင် ဒစ်ဂျစ်တယ်ငွေပေးချေမှု စနစ်များ ပိုမိုထွန်းကားလာစေရန်နှင့် ခေတ်မီဘဏ်ဝန်ဆောင်မှုများကို ကျယ်ပြန့်စွာအသုံးချနိုင်စေရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်သည်ဟု MRF ကဆိုသည်။


အလားတူ ဆန်စပါးတန်ဖိုးကွင်းဆက် (Rice Value Chain) တစ်လျှောက်တွင် ပါဝင်ပတ်သက်နေကြသော တောင်သူလယ်သမားများ၊ ဆန်စက်ပိုင်ရှင်များ၊ ဆန်ကုန်သည်များ၊ ဆန်တင်ပို့ရောင်းချသူများနှင့် အကျိုးဆောင်ပွဲစားများအားလုံးကို ဘဏ်စနစ်အတွင်းသို့ ပိုမိုလာရောက်စေရန် ရည်ရွယ်ထားခြင်းဖြစ်ကြောင်းလည်း သိရသည်။


ထိူ့ပြင် MRF RICE အစီအစဉ်သည် လက်ရှိအသုံးပြုနေသည့် ငွေသားအခြေပြု (Cash – based) လုပ်ငန်းဆောင်ရွက်မှုများမှ တစ်ဆင့် လုံခြုံစိတ်ချရပြီး ခေတ်မီသော ဒစ်ဂျစ်တယ်ဘဏ္ဍာရေးစနစ်သို့ အဆင့်ဆင့်ကူးပြောင်းနိုင်ရန် အထောက်အကူပြုပေးခြင်းဖြစ်ကြောင်းနှင့် ၎င်းအတွက် MMQR-Myanmar Pay ကဲ့သို့သော အီလက်ထရွန်းနစ် ငွေပေးချေမှုစနစ်များနှင့် အွန်လိုင်းဘဏ်ဝန်ဆောင်မှုများကို လက်တွေ့နယ်ပယ်တွင် ပိုမိုထိရောက်စွာ အသုံးပြုနိုင်ရန် တွန်းအားပေးသွားမည်ဟုလည်း ဆိုထားသည်။


MRF အနေဖြင့် ယခုစီမံကိန်းမှတစ်ဆင့် ဆန်စပါးစီးပွားရေးလုပ်ငန်းရှင်(Stakeholders)များအကြား ဘဏ္ဍာရေးချိတ်ဆက်မှုများ ပိုမိုအား ကောင်းလာစေရန်၊ ငွေစက္ကူကို အလွန်အကျွံမှီခိုနေရမှုကို လျှော့ချရန်နှင့် ထုတ်လုပ်မှုစွမ်းရည်မြင့်မားလာစေရန် မျှော်မှန်းထားပြီး ယခုလုပ်ငန်းစဉ်သည်လည်း မြန်မာ့လယ်ယာစီးပွားရေးကဏ္ဍကို ဒစ်ဂျစ်တယ်စနစ်သို့ အသွင်ကူးပြောင်းရာတွင် အရေးပါသော ခြေလှမ်းတစ်ခုဖြစ်ပြီး ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုအတွက် ဘဏ်များနှင့် ဘဏ္ဍာရေးအဖွဲ့အစည်းများစွာနှင့်လည်း ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

Report Page